ရခိုင်ပြည်နယ်၊ စစ်တွေ-ပေါက်တော အမြန်ရေယာဥ်လိုင်းကို စစ်ကောင်စီက ပိတ်ခိုင်းတဲ့အတွက် အောက်တိုဘာ ၁၈ ရက်ကစပြီး အကန့်အသတ်မရှိ ပိတ်ထားလိုက်ရတယ်လို့ ရွှေပြည်တန် အမြန်ရေယာဥ်မှ တာဝန်ရှိသူတွေက ပြောပါတယ်။
“စစ်တွေ-ပေါက်တောလိုင်းကို မနေ့ကစပြီး ပိတ်လိုက်ရတာ။ မပိတ်သေးတာ စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ-ကျောက်နီမော်-တောင်ကုတ်-မာန်အောင် လိုင်းတခုတည်းသာ ပြေးဆွဲနေရတယ်။”
ရခိုင်ပြည်နယ်အတွင်း စစ်တွေကနေ မြို့နယ်အသီးသီးကို ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်လိုင်းတချို့ကို ပိတ်ထားပေမဲ့ စစ်တွေ-ပေါက်တောလိုင်းကို အောက်တိုဘာ ၁၈ ရက်ကစပြီး ရက်အကန့်အသတ်မရှိ ထပ်ပိတ်လိုက်တာလည်း ဖြစ်ပါတယ်။
စစ်တွေ-ပေါက်တော အမြန်ရေယာဥ်လိုင်းကို ဓညဝတီရေတပ်မှ ဗိုလ်မှူးကိုယ်တိုင် လာပိတ်ခိုင်းတာလို့ ရွှေပြည်တန် အမြန်ယာဥ်ရုံးမှ တာဝန်ရှိသူက ပြောပါတယ်။
“ဗိုလ်မှူးကိုယ်တိုင်လာပြီး ပိတ်ခိုင်းတာ။ ဘာအတွက်ပိတ်လဲဆိုတာ ကျနော်တို့လည်း မသိဘူး။ ပေါက်တော၊ မင်းပြားဘက်မှာ စစ်ရေးအခြေအနေနဲ့ ဆိုင်မလားတော့ မပြောတတ်ဘူး။”
ရွှေပြည်တန် အမြန်ရေယာဥ်လိုင်းဟာ အရင်က စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ-ကျောက်နီမော်-တောင်ကုတ်-မာန်အောင်၊စစ်တွေ-ပေါက်တော-မင်းပြား- မြောက်ဦး၊ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် စတဲ့လိုင်းတွေကို ပြေးဆွဲနေခဲ့တာပါ။
စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ရက္ခိုင့်တပ်တော် (အေအေ) က ဖမ်းဆီးခဲ့ပြီးနောက် ရွှေပြည်တန် အမြန်ရေယာဥ်ရဲ့ ခရီးစဥ်တချို့ဖြစ်တဲ့ စစ်တွေ-မြောက်ဦး-မင်းပြားနဲ့ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် လိုင်းကို စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ်ထားခဲ့ပါတယ်။
အခုတဖန် ခရီးသည်အသွားအလာများတဲ့ စစ်တွေ-ပေါက်တော ရေယာဥ်လိုင်းခရီးစဥ် တရက် ၂ ကြိမ်နှုန်း ပြေးဆွဲမှုကိုလည်း အကန့်အသတ်မရှိ ရပ်နားထားပါတယ်။