DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း ကျေးရွာများကို စစ်တပ်က ‌လေကြောင်းမှတိုက်ခိုက်၊ ပြည်သူ့ နေအိမ်များကို မီးရှို့ဖျက်ဆီး
DVB
·
October 19, 2022
စစ်ကိုင်းတိုင်းအတွင်း ကျေးရွာများကို စစ်တပ်က ‌လေကြောင်းမှတိုက်ခိုက်၊ ပြည်သူ့ နေအိမ်များကို မီးရှို့ဖျက်ဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အစပ်က ပုထိုးသာကျေးရွာ၊ ရင်ပေါင်တိုင်ရွာနဲ့ ဆင်စွယ်ရွာတွေဘက်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၉ ရက် ဒီမနက် ၁၀ နာရီကျော်က လေယာဉ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ပုလဲဒေသခံတွေဆီက သိရပါတယ်။

အဲဒီ လေယာဉ်တွေဟာ မုံရွာ နမခစစ်တပ်ကနေ လာရောက်ပစ်ခတ်နေတာ ဖြစ်တယ်လို့လည်း ပုလဲဒေသခံခေါင်းဆောင် ဗိုလ်ဂဠုန်က ပြောပါတယ်။

“မြေပြင်မှာကတော့ ဘာတိုက်ပွဲမှ မရှိဘူးဗျ။ ပထမ သူတို့က လေယာဉ်နဲ့ ရွာပေါ်ကနေဝဲတယ်။ အဲလိုဝဲပြီး ဂျက်ဖိုက်တာ ၂ စီးက မြေပြင်ကို ပစ်ခတ်တာတွေ လုပ်တယ်။ ကျန်နှစ်စီးက မြေပြင်ကို စစ်သားတွေချတယ်။ ချပြီး နောက်ထပ် နမခကို စစ်သားတွေသွားသယ်ပြီး ထပ်ချတယ်။ စုစုပေါင်း မြေပြင်ချတာ နှစ်စီးပေါင်း ၄ ခေါက်ချတယ်။ အပေါ် ဂျက်ဖိုက်တာကတော့ အခုထိပစ်ခတ်ပြီး ကောင်းကင်ကနေ ဝဲနေတယ်” လို့ ပြောပါတယ်။

လက်ရှိ စစ်တပ်က လေယာဉ် ၆ စင်းနဲ့ ပစ်ခတ်တာကြောင့် ဒေသခံရွာ ၄ ရွာထက်မနည်းရှိ ရွာသားတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ ကျန်းမာရေးမကောင်းသူတွေရွာအတွင်း ပိတ်မိနေပါတယ်။

အဆိုပါကျေးရွာတွေကို စစ်ကောင်စီက ဩဂုတ် ၁၁ ရက်ကလည်း လေယာဉ် ၄ စီးနဲ့ ပစ်ခတ်ခဲ့ဖူးပါတယ်။

စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာအုပ်စုထဲက ချိုင်းကြီးကျေးရွာမှာတော့ နေအိမ်တချို့ကို ဒီနေ့မနက် ၇ နာရီလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်မီးရှို့သွားပါတယ်။

ဒီနေ့မနက် ၅ နာရီခွဲလောက်က ကျော်ဇေယျာကျေးရွာနဲ့ ချိုင်းကြီးကျေးရွာအကြား အုံးတောအခြေစိုက်တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ အင်အားအပြည့်ပါတဲ့ စစ်ကား ၁ စီး ရောက်လာပြီး နေအိမ် ၄ လုံးကို မီးရှို့သွားတာလို့ ဒေသခံက ပြောပါတယ်။

“မနေ့က ဒီဘက်မှာ သူတို့တွေ မိုင်းဆွဲခံရလို့ မဆီမဆိုင် ဘေးပတ်ဝန်းကျင်ရွာကို ပတ်ရမ်းတာဗျ။ ရွာကလူတွေကတော့ လွတ်အောင်ရှောင်ရတယ်။ လောလောဆယ် နေအိမ် ၄ လုံး မီးရှို့ခံထားရတယ်။ ချိုင်းကြီးရွာဘုန်းကြီးကျောင်း တောင်ဘက်မှာလည်း စစ်ကား ၃ စီး ထပ်ရောက်နေတယ်။”

အောက်တိုဘာ ၁၈ ရက် ည ၁၀ နာရီလောက်ကလည်း ဆားတောင်မြို့ဘက်ကို ဦးတည်ထွက်ခွာလာတဲ့ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ စစ်ကား နှစ်စီးဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ကားတွေထိုးရပ်သွားပြီးနောက် ဘေးပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ချိုင်းကြီးကျေးရွာရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာဘုန်းကြီးကျောင်း တောင်ဘက်မှာ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေကို စစ်ဆေး နေပါတယ်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ အောက်တိုဘာ ၁၈ ရက် ညနေ ၃ နာရီလောက်က စစ်ကောင်စီတပ်နဲ့ KIA-PDF ပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ကူပေးခဲ့သလို လေကြောင်းပစ်ကူကြောင့် ဒေသခံအမျိုးသမီးတယောက် လေယာဥ်ဗုံးဆန် အပိုင်းအစ ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး တခြားထိခိုက်ပျက်စီးမှု အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။

အောင်းကုန်းကျေးရွာအနီး တောတွင်းတနေရာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး PDF ပူးပေါင်းအဖွဲ့ဘက်က ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူးလို့ PDF အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

တိုက်ပွဲကြောင့် အောင်းကုန်း၊ တုံးတော်၊ နံသာ စတဲ့ ကျေးရွာနေပြည်သူတွေဟာ နေအိမ်တွေမှာ မနေရဲဘဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသလို စစ်ရေးအခြေအနေလည်း တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ ကလေး-တမူး အာရှလမ်းမပေါ်ရှိ ၅၅ မိုင် အကျဉ်းစခန်းကတဆင့် ကားကြီး ၂ စီးနဲ့ ခြေလျင်စစ်ကြောင်းဖြန့်ပြီး ကလေးမြို့ဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ် အင်အား ၇၀ လောက်ကို ကလေး PDF ပူး‌ပေါင်းတပ်ဖွဲ့ဝင်‌တွေက ကံလှရွာ မြောက်ဘက်တံတားအနီးမှာ အောက်တိုဘာ ၁၇ ရက် မနက် ၇ နာရီဝန်းကျင်က ကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် နောက်ချန်လိုက်ပါလာတဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို မနက် ၁၀ နာရီလောက်က မြလေးတောင်ဘုရားအနီးမှာ ကလေး PDF တပ်ဖွဲ့ဝင်‌တွေက ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကလေး PDF တပ်ဖွဲ့ဝင်တယောက်က‌ ပြောပါတယ်။

“တိုက်ပွဲကတော့ ပြင်းထန်ခဲ့တယ်။ အဲ့တိုက်ပွဲမှာ သူတို့ဘက်က ၃ ယောက်ကျပြီး ၁ ယောက် ဒဏ်ရာရတယ်လို့ ကျနော်တို့ စုံစမ်းချက်အရ သိရတယ်။ ကျနော်တို့ဘက်က ကလေး PDF တပ်ဖွဲ့ဝင်တဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်။”

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ယောက်ကျဆုံးပြီး ၁ ယောက် ဒဏ်ရာရတယ်လို့ ကလေး PDF ဘက်က ထုတ်ပြန်ပြောဆိုထားပြီး စစ်ကောင်စီအနေနဲ့ သတင်းထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။

ကလေးမြို့နယ်ကို စစ်ကောင်စီတပ်သားတွေက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားတာ ၈ လဝန်းကျင်ရှိနေပြီလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013