
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ထဲမှာ သီးနှံရိတ်သိမ်းချိန် ကန်နီ(ပျူ)ရွာက စစ်ကောင်စီဩဇာခံ ပျူစောထီးတွေက လက်နက်ငယ်တွေနဲ့ လိုက်လံပစ်ခတ်နေတာကြောင့် တောင်သူတွေ ထွက်ပြေးနေကြရတယ်လို့ မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး - Myaing Villages Revolution Front က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၉ ရက် ဒီကနေ့မနက် ၉ နာရီလောက်က စတင်ပြီးတော့ ပတ်ဝန်းကျင် ကျေးရွာတွေမှာ မြေပဲရာသီ သီးနှံဖော်ချိန် မြေပဲဖော်မရအောင် ပစ်ခတ်နေတာတာလို့ သိရပါတယ်။
တောင်သူတွေအနေနဲ့ မိုးဦးရာသီက နှမ်းစိုက်ခင်းတွေကိုလည်း ရိတ်သိမ်းနိုင်ခြင်း မရှိခဲ့ဘူးလို့ မြိုင်မြို့နယ် တော်လှန်ရေးအဖွဲ့က ဆိုပါတယ်။
မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး - Myaing Villages Revolution Front ကိုတော့ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ဓမ္မဘက်တော်သား ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်နိုင်ဖို့နဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ကောင်စီတပ်တွေရဲ့ လက်နက်မဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့် အကြမ်းဖက်မှုတွေကို မြိုင်မြို့နယ်ထဲက ကျေးရွာတွေချင်း အချိတ်အဆက်မိမိ ခုခံတွန်းလှန် ထိုးစစ်ဆင်နွှဲဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။