မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ စစ်ကိုင်းတိုင်း အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနရုံး (စသုံးလုံးရုံး) ဂိတ်ပေါက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အောက်တိုဘာ ၁၈ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာနတ်ဆိုး ပြောက်ကျားအဖွဲ့က ပြောပါတယ်။
စသုံးလုံးရုံးအဝင် ဂိတ်ပေါက်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကားပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
နတ်ဆိုးပြောက်ကျားအဖွဲ့ရဲ့ အဖွဲ့ဝင်တဦးက “လတ်တလော ဂိတ်ပေါက်က ကောင်တွေရဲ့ အထိအခိုက် အခြေအနေကိုတော့ မသိရသေးဘူးဗျ။ သူတို့အငိုက်မှာ တိုက်ခိုက်ခဲ့တာ။ ကျနော်တို့အဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ဘေးလွတ်ရာမှာ ရောက်ရှိနေပါပြီ” လို့ ပြောပါတယ်။
အဲဒီပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေက မုံရွာမြို့ရဲ့ အဝင်အထွက်တွေကို တင်းကျပ်စွာ စစ်ဆေးတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့ကလည်း မုံရွာမြို့အခြေစိုက် စစ်ကိုင်းတိုင်း စသုံးလုံးရုံးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။