
ရန်ကုန်၊ အင်းစိန်အကျဥ်းထောင်မှာ အောက်တိုဘာ ၁၉ ရက် ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်လို့ ထောင်ဝန်ထမ်း ၃ ယောက်အပါအဝင် ၈ ယောက် သေဆုံးခဲ့ပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အင်းစိန်အကျဥ်းထောင်အတွင်း ပါဆယ်လက်ခံနေတဲ့နေရာမှာ ဒီကနေ့ မနက်၉ နာရီခွဲကျော်က ဗုံးနှစ်ကြိမ်ပေါက်ပြီး ဝန်ထမ်း ၃ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ထောင်နဲ့ နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“သုံးဦး သေတယ်။ ဝန်ထမ်းမိန်းကလေး နှစ်ယောက်၊ ယောကျ်ားလေး တစ်ယောက် ကျန်တဲ့သူတွေ ဒဏ်ရာရတယ်။ ခုနစ်ယောက် အခြေအနေမကောင်းဘူး။ စစ်ဆေးရုံမှာ။”
ဗုံးပေါက်ကွဲပြီးနောက် အင်းစိန်အကျဥ်းထောင်အတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် ထောင်ဝင်စာပို့သူ ပြည်သူ ၅ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထောင်ဝင်စာပို့သူ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ထောင်ဝင်စာပို့တဲ့သူတွေ သေတာ။ စစ်တပ်က ပစ်လို့။ ဗုံးပေါက်တာထက် စစ်တပ်က ရမ်းပစ်လို့ သေကုန်တာ။ လှိုင်သာယာက အစ်မတစ်ယောက် သေသွားတယ်။ အမျိုးသမီး ၅ ဦး သေတာ”လို့ ပြောပါတယ်။
အင်းစိန်အကျဥ်းထောင် ဗုံးပေါက်မှုနဲ့ ပစ်ခတ်မှုဖြစ်စဥ်မှာ အမျိုးသားတယောက်နဲ့ အမျိုးသမီး ၇ ယောက် သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အင်းစိန်အကျဥ်းဦးစီးမှ သိရပါတယ်။
စစ်ကောင်စီဝါဒဖြန့် သတင်းဌာနတစ်ခုဖြစ်တဲ့ News Of Myanmar (NOM) ကတော့ အကျဉ်းထောင်ဝင်ထွက်ပေါက် ပါဆယ်လက်ခံတဲ့ အဆောက်အဦးအတွင်းမှာ တစ်ကြိမ်၊ အဆောက်အဦးအပြင်မှာ တစ်ကြိမ်ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အကျဉ်းထောင်မှ တပ်သားကျော်ဇင်ဦး၊ တပ်သားခင်မိုးဝေနဲ့ တပ်သားပိုးအိဇံတို့သေဆုံးပြီး ၇ ယောက် ဗုံးစထိမှန်ဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားပါတယ်။
အင်းစိန်ထောင်နားနေထိုင်သူတဦးက “ထောင်ရှေ့တည့်တည့်က ဖြတ်နေတုန်းမှာပဲပေါက်တာ၊ ပေါက်တာကနှစ်ခါ။ ဂိတ်မှာလုံခြုံရေးယူထားတဲ့ စစ်သားနဲ့ရဲတွေရှိတော့ သူတို့က အထဲက ပြန်ပစ်ကြတာ။ အဲ့ဒါနဲ့ အနားကလူတွေလည်း ထိမှာစိုးလို့ ရှောင်ကြတာ။ နောက်မှပြန်သိတာက သူတို့ကောင်တွေ ထိကြတယ်ပြောတယ်။ ခဏလည်းကြာရော အများကြီးပဲ ထောင်ဝဂိတ်ကိုရောက်လာကြတယ်လို့ပဲ သိထားပါတယ်။”လို့ ပြောပါတယ်။
လတ်တလောမှာ အင်းစိန်အကျဥ်းထောင်အတွင်း စစ်တပ်က ထောင်ဝင်စာလာတွေ့သူတွေကို စစ်ဆေးနေပြီး ထောင်အပြင်ဘက်မှာလည်း လုံခြုံရေးတိုးမြှင့်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်မှာတော့ စစ်တပ်နဲ့ ရဲတွေ အင်အားအများအပြားနဲ့ အင်းစိန်ထောင်ဗူးဝရှေ့ကိုရောက်ရှိနေပြီးတော့ ပိတ်ဆို့ စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
နေ့လယ်၁နာရီလောက်မှာတော့ ဗုံးတစ်လုံးထပ်တွေ့လို့ အင်းစိန်ထောင်ဝင်းထဲမှာဘဲ ရှင်းလင်းလိုက်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လကလည်း အင်းစိန်အကျဥ်းထောင်မှာ ပစ်ခတ်မှုအချို့နဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့လို့ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရရှိသူတွေလည်း ရှိပါတယ်။