
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အကျဉ်းထောင်ကနေ ကေအိုင်အေတပ်ဖွဲ့အချို့အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၄ ယောက် အောက်တိုဘာ ၁၈ ရက် မနက်က ထောင်ဖောက်ပြီး ထွက်ပြေးရာမှာ ၅ ယောက် ပြန်လည်ဖမ်းမိပြီး တယောက် သေဆုံးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ခန္တီးမြို့နဲ့ ၃ မိုင်အကွာမှာရှိတဲ့ အကျဉ်းထောင်မှာ မနေ့ မနက်အစောပိုင်း ၃ နာရီလောက်က အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်သွားတာပါ။
ဒေသခံတဦးက “မနက် ၃ နာရီလောက် ဖြစ်မယ်။ ကျနော်တို့ သိတာ မနက် ၅ နာရီလောက်မှ သိတယ်။ လက်နက်တချို့လည်း ပါသွားတယ်။ စစ်ကောင်စီတပ်တွေက ခန္တီးမြို့ထဲမှာ ပိတ်ဆို့စစ်ဆေးနေပြီး ကုန်းလမ်း၊ ရေလမ်း အကုန်ပိတ်ထားတယ်” လို့ ပြောပါတယ်။
ခန္တီးအကျဉ်းထောင်ကနေ ၁၄ ဦး ထွက်ပြေးခဲ့ရာမှာ ၅ ဦး ပြန်လည်ဖမ်းဆီးခံရကာ ဖမ်းဆီးခံထားရသူတွေထဲက အကျဉ်းသားတယောက်ကို စစ်ဆေးမြန်းပြီးနောက်မှာ ခန္တီးပြည်သူ့ဆေးရုံကို ပို့ဆောင်ထားစဉ် နေ့လယ် ၂ နာရီမှာ သေဆုံးသွားတယ်လို့ ရဲဝန်ထမ်းတဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ အကျဉ်းသားဟာ ဖမ်းဆီးခံရစဉ် ပစ်ခတ်ခံရတာလား စစ်ဆေးစဉ်မှာ နှိပ်စက်ခံရပြီး သေဆုံးခဲ့တာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သြဂုတ် ၃၀ ရက်က ဖမ်းဆီးခံရတဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင် ၄ ယောက်လည်း အခု ထွက်ပြေးလွတ်မြောက်သွားတဲ့အထဲ ပါသွားတယ်လို့ သိရပါတယ်။
အကျဉ်းသားတွေ ထောင်ဖောက်ပြေးမှုဖြစ်ပွားပြီးနောက် ခန္တီးမြို့မှာ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေက ပိတ်ဆို့စစ်ဆေးနေပါတယ်။