DVB Logo
Home
မြန်မာသတင်း
မြန်မာက တရုတ်နည်းတူ ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးရွားဆုံးအဆင့်တွင် ရှိနေ
DVB
·
October 18, 2022
မြန်မာက တရုတ်နည်းတူ ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးရွားဆုံးအဆင့်တွင် ရှိနေ
Donate to DVB

စစ်အာဏာသိမ်းမှုနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးရွားဆုံး နိုင်ငံတွေထဲက တနိုင်ငံအဖြစ် ကျဆင်းလာခဲ့တယ်လို့ Free Expression Myanmar အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

၂၀၂၂ ခုနှစ် ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အစီရင်ခံစာဟာ ဒါဇင်သော အညွှန်းကိန်းတွေကို အသုံးပြုပြီးတော့ ကမ္ဘာ့နိုင်ငံတွေကို နှိုင်းယှဥ်လေ့လာထားပြီး မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ကဏ္ဍဟာ စုစုပေါင်း ရမှတ် ၁၀၀ ထဲ အာဏာသိမ်းပြီး ပထမနှစ် ၂၀၂၁ ခုနှစ်မှာ ရရှိခဲ့တဲ့ ရမှတ် ၁၇ မှတ် ကနေ ဆက်တိုက်ကျဆင်းလာနေပြီး အခုနှစ် ၂၀၂၂ ခုနှစ်မှာတော့ ရမှတ် ၁၂ မှတ်အထိ ကျဆင်းလာခဲ့တယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံဟာ အိမ်နီးချင်းတရုတ်နိုင်ငံနည်းတူ ဒစ်ဂျစ်တယ် အခွင့်အရေးချိုးဖောက်မှုတွေ ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံတွေထဲ တစ်နိုင်ငံဖြစ်လာခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ “အင်တာနက်လက်လှမ်းမှီသုံးစွဲနိုင်မှု” ကဏ္ဍမှာတော့ စုစုပေါင်းရမှတ် ၂၅ မှတ်နဲ့ နှိုင်းယှဥ်ရင် အလွန်နိမ့်ပါးတဲ့ ၂ မှတ်သာ ရရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ရရှိခဲ့တဲ့ ရမှတ် ၄ အဆင့်ကနေ ကျဆင်းလာခဲ့တာပါ။ အဲဒီလို ကျဆင်းရတဲ့ အဓိကအကြောင်းအရင်းတွေကတော့ အာဏာသိမ်း စစ်တပ်က နိုင်ငံအနှံ့ကျယ်ပြန့်တဲ့ အင်တာနက်ဖြတ်တောက်မှုတွေ ပြုလုပ်ဖို့ အမိန့်ပေးတာ၊ အဖိုးအခအားဖြင့် တတ်နိုင်တဲ့ အင်တာနက်သုံးစွဲနိုင်မှု (အထူးသဖြင့် ကျဆင်းနေတဲ့ စီးပွားရေးအခြေအနေကြောင့် ထိခိုက်နစ်နာနေနှင့်ပြီးတဲ့ ဆင်းရဲသားတွေရဲ့ အင်တာနက်သုံးစွဲနိုင်မှု) ကို ပြင်းပြင်းထန်ထန် ထိခိုက်စေတဲ့ မိုဘိုင်းဒေတာခတွေနဲ့ ဆင်းမ်းကဒ်အခွန်အခတွေ တိုးမြှင့်ကောက်ခံတာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် “အကြောင်းအရာကန့်သတ်မှု” ကဏ္ဍမှာလည်း မြန်မာနိုင်ငံဟာ စုစုပေါင်းရမှတ် ၃၅ မှတ်ထဲ ၆ မှတ်သာ ရရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ  ရရှိခဲ့တဲ့ ၇ မှတ်ကနေ နိမ့်ဆင်းလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ကျဆင်းရတာဟာ အွန်လိုင်းပေါ်က စည်းရုံးတော်လှန်ရေးတွေနဲ့ ဒစ်ဂျစ်တယ် တက်ကြွလှုပ်ရှားမှုတွေကို စစ်တပ်ကနေ ပိုမိုပြင်းထန်စွာ ဖိနှိပ်လာတာကြောင့် ဖြစ်ကာ အဲဒီဖိနှိပ်မှုတွေကတဆင့် မိမိကိုယ်ကို ဆင်ဆာထိန်းချုပ်တာတွေကိုလည်း ဦးတည်ဖြစ်ပေါ်စေခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

“သုံးစွဲသူအခွင့်အရေးချိုးဖောက်ခြင်း” ကဏ္ဍမှာတော့  မြန်မာနိုင်ငံဟာ စုစုပေါင်း ရမှတ် ၄၀ ရှိတဲ့ထဲက အလွန်အမင်းနိမ့်တဲ့ ရမှတ် ၄ မှတ်ကိုသာ ရရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ရရှိခဲ့တဲ့ ရမှတ် ၆ မှတ်ကနေ ထပ်မံကျဆင်းလာခဲ့တာလို့ ဆိုပါတယ်။ အဲဒီလို ကျဆင်းရတာဟာ အွန်လိုင်းပေါ်က တက်ကြွလှုပ်ရှားမှုတွေအတွက် ပြည်သူတွေကို ဖမ်းဆီးထောင်ချတာတွေ ပိုမိုမြင့်မားလာတာ၊ သေဒဏ်အပါအဝင် စစ်တပ်လက် အောက်ခံ တရားရုံးတွေကနေ ချမှတ်တဲ့ အမြင့်ဆုံးပြစ်ဒဏ်စီရင်ချက်တွေ ပိုမိုများပြားလာတာ၊ စဥ်ဆက်မပြတ် စောင့်ကြည့်ထောက်လှမ်းမှုတွေ တိုးပွားလာတာတွေနဲ့ VPN အပါအဝင် အင်တာနက်အသုံးပြုမှုကို ရာဇဝတ်မှုအဖြစ် ပြစ်ဒဏ်တွေ ပိုမိုချမှတ်အရေးယူလာတာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံလို အဆင့်မြင့်နည်းပညာအသုံးပြုပြီးတော့ အင်တာနက် သုံးစွဲသူတွေကို ပိတ်ဆို့တာ၊ ဆင်ဆာဖြတ်တောက်တာတွေနဲ့ အနှောင့်အယှက်ပြု ဖိနှိပ်တာတွေကို မလုပ်နိုင်သေးပေမယ့်လည်း ဥပမာအားဖြင့် အင်တာနက်ဖြတ်တောက်တာတွေ၊ ဒစ်ဂျစ်တယ် သုံးစွဲသူတွေကို ဖမ်းဆီးထောင်ချတာတွေလိုမျိုး တချို့အညွှန်းကိန်းတွေမှာတော့ တရုတ်နိုင်ငံထက် ပိုမိုဆိုးရွားလာနေတယ်လို့ ဆိုပါ တယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပြီးနောက်ပိုင်းမှာ ပြည်တွင်း မီဒီယာ ၈ ခုကို တရားဝင် ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သလို သတင်းသမားတွေကို ဖမ်းဆီးတာ၊ တရားစွဲတာတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ပြီး သတင်းလွပ်လပ်ခွင့်ကို အကြီးအကျယ်ချိုးဖောက်ခဲ့ရုံမက  သတင်းသမား ၁၀၀ ကျော်ကိုလည်း ဖမ်းဆီးထားခဲ့ပါတယ်။

လက်ရှိအချိန်အထိ အကျဉ်းထောင်တွေထဲမှာ သတင်းသမားအယောက် ၆၀ ကျော်ဟာ ဆက်လက် ဖမ်းခံထားရသလို အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် သတင်းသမား ၃ ယောက် သေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၆ မှာ ရပ်တည်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013