
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းက ရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတာကြောင့် စပါးရိတ်ချိန် မရိတ်နိုင်ကြဘဲ စိုက်ခင်းတွေ ပျက်စီးမှာကို စိုးရိမ်နေကြတယ်လို့ စပါးစိုက်တောင်သူတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ကျော်လောက် ထွက်ပြေးနေရပြီး မိုးစပါးရိတ်သိမ်းချိန်လည်း ဖြစ်နေပေမဲ့ မနှစ်ကတော့ စိုက်ဧက ၁၀၀၀ လောက်ရှိတယ်လို့ တောင်သူတွေက ဆိုပါတယ်။
အောက်တိုဘာ ၁၆ ရက်နဲ့ ၁၇ ရက်မှာ အလယ်တောစံပြရွာနားမှာ နှစ်ဘက်တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အနီးအနားရွာ ၁၁ ရွာက ဒေသခံတွေ ပြေးနေကြရတာလို့ စစ်ရှောင်ဒေသခံ တဦးက ပြောပါတယ်။
“သူတို့ ပစ်ကြ ခတ်ကြတော့ ရွာသားတွေကတော့ ရွာထဲ မနေရဲဘဲ ထွက်ပြေးနေကြရတယ်။ ကြောက်လို့ ပြေးတဲ့သူလည်း ရှိသလို မကြောက်တဲ့သူလည်း ရွာထဲမှာ ရှိနေဆဲပဲ။”
ထွက်ပြေးနေကြတဲ့ ရွာသားတွေဟာ အလယ်တော၊ လေသာကုန်း၊ အင်တိန်၊ ဆူပုတ်၊ ဘိုတဲကုန်း၊ ကွမ်းတုံ၊ ပဲခင်း၊ ရွှေချောင်း၊ လေးရွာ၊ မကျည်းပင်နဲ့ သင်းပုန်းညိုရွာတွေက ဖြစ်ပါတယ်။
ထီးချိုင့်မြို့နယ် ပြည်သူအုပ်ချုပ်အဖွဲ့ဝင်တဦးက “နှစ်ရက်တိုက်ပွဲမှာ ပြည်သူကာကွယ်ရေးအဖွဲ့ ဘက်က ၂၃ ဦး စိုးရိမ်ရ ထိခိုက်ထားတယ်။ နှစ်ဖက်ကတော့ အကျဆုံးရှိနိုင်တယ်”လို့ ပြောပါတယ်။
အလယ်တောစံပြကျေးရွာအနီး ထီးချိုင့်မြို့က အင်အား ၁၀၀ ပါ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲက ပြီးဆုံးခြင်းမရှိဘဲ စစ်ရေးအခြေအနေက တင်းမာနေဆဲဘဲ ဖြစ်ပါတယ်။