
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ နေ့စဉ် နိုင်ငံကူးလက်မှတ် လျှောက်ထားသူ အရေအတွက်ဟာ အယောက် ၂၅၀၀ ကနေ ၃၀၀၀ လောက်ထိရှိပြီး ရုံးမဖွင့်ခင် မနက်ခြောက်နာရီလောက်က စတင်တန်းစီနေရတယ်လို့ ပတ်စ်ပို့စ်ရုံးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ခုအခါ နိုင်ငံကူးလက်မှတ်ပြုလုပ်ရာမှာ အရင်လိုတိုက်ရိုက်လျှောက်ထားတဲ့ပုံစံမျိုးမဟုတ်တော့ဘဲ အွန်လိုင်းမှ ရက်ချိန်းယူပြီး သတ်မှတ်ရက်မှာ နိုင်ငံကူးလက်မှတ်သွားရောက်ပြုလုပ်တဲ့စနစ် ပြောင်းလဲသွားတဲ့အတွက် နည်းပညာပိုင်းမကျွမ်းကျင်သူတွေက အခက်အခဲတွေရှိလာတာကြောင့် ပွဲစားတွေနဲ့ ပြုလုပ်ခိုင်းရာကနေ လိမ်လည်ခံနေကြရပါတယ်။
ဒါ့အပြင် ရက်ချိန်းယူထားသူများပြားတာကြောင့် မိမိတို့အလှည့်ကျရောက်ဖို့ အနည်း ၃ လလောက်အထိစောင့်ဆိုင်းရကာ အမြန်လိုချင်သူတွေအနေနဲ့ ပြင်ပပေါက်ဈေး ကျပ် ၄ သိန်းခွဲကနေ ၅ သိန်းလောက်အထိ ပေးပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားနေကြရတယ်လို့ ကာယကံရှင်တွေက ပြောပြကြပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပနိုင်ငံတွေမှာသွားရောက် အလုပ်လုပ်ကိုင်လိုသူများပြားလာပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနပြန်လည် ဖွင့်လှစ်ချိန်ကစတင်ကာ နိုင်ငံကူးလက်မှတ်ပြုလုပ်သူတွေက တနေ့ထက်တနေ့ ပိုမိုများပြားလာတာလည်းဖြစ်ပါတယ်။
နိုင်ငံကူးလက်မှတ်ပြုလုပ်သူတွေဟာ ရန်ကုန်မြို့ခံတွေထက် နယ်ကလာသူတွေ ပိုမို များပြားပြီး လိမ်လည်ခံနေရသူတွေလည်းရှိတယ်လို့ အဲ့ဒီရုံးရှေ့မှာ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေကို ပုံဖြည့်ပေးတဲ့ ဝန်ဆောင်မှုပေးနေသူတဦးက ပြောပါတယ်။
နယ်ကလာသူတွေဟာ နိုင်ငံကူးလက်မှတ်ပြုလုပ်တဲ့ လုပ်ငန်းစဉ်ကို မသိရှိကြတဲ့အတွက် ပွဲစားတွေကို ငွေပေးပြီး ပြုလုပ်ခိုင်းစေတာတွေရှိတာကြောင့် တဦးကို ကျပ်တသိန်းဝန်းကျင် လိမ်လည်ခံနေရတာကြောင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှေ့မှာ လိမ်လည်နေသူတွေရဲ့ ဓာတ်ပုံတွေကိုကပ်ပြီး သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။
နေ့စဉ်နိုင်ငံကူးလက်မှတ်လာရောက်ပြုလုပ်သူများပြားနေတာကြောင့်လည်း အဲ့ဒီရုံးရှေ့မှာ စစ်ကောင်စီ လက်အောက်ခံရဲတွေက လုံခြုံရေးယူပေးနေရပြီး ရုံးအတွင်းကိုလည်း လက်ကိုင်ဖုန်းတွေ၊ အားသွင်းကြိုး ပါဝါဘန့်တွေကို ယူဆောင်ခွင့်ပိတ်ပင်ထားပါတယ်။