
မကွေးတိုင်း နတ်မောက်မြို့နယ် ဖက်တောရေရွာမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် အောက်တိုဘာ ၁၇ ရက်ညမှာ စစ်ကောင်စီတပ်က နေအိမ် ပြင်ပ မထွက်ဖို့ သတိပေးတာကို မလိုက်နာတဲ့ ရွာသား တဦးကို ပစ်သတ်လိုက်တယ်လို့ ရွာခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၆ ရက် ညပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ဗိဿနိုး-PDFနဲ့ ဂဠုန်တပ်ဖွဲ့(နတ်မောက်)တို့ ဖက်တောရေရွာနားမှာ မိနစ် ၂၀ လောက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ ဘက်က ၄ ယောက်သေဆုံးကာ သေနတ် ၂ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဗိဿနိုး-PDF က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၇ ရက် နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀ ကျော်လောက်ဟာ ကား ၂ စီးနဲ့ရောက်လာပြီး ရွာထဲက မသင်္ကာတဲ့ ဒေသခံ ၁၂ ယောက်လောက်ကို ဖမ်းဆီး စစ်ဆေးခဲ့ပြီးနောက် လမ်းပေါ်ထွက်သူ အသက် ၅၀ အရွယ် ဦးကျော်ဝေကို သေနတ်နဲ့ ပစ်သတ်လိုက်တာလို့ သိရပါတယ်။
မျက်မြင်ရွာခံတဦးက “စစ်ကောင်စီတပ်က အဲဒီရွာသား အားလုံးကို အပြင် မထွက်ဖို့ ပြောထားတာ။ ပြောတာကို ဦးကျော်ဝေက ထွက်တယ်။ ထွက်လို့ ပစ်တယ်။ ဒီနေ့ အောက်တိုဘာ လ ၁၈ ရက်နေ့ မနက်ပိုင်းအထိ ရွာထဲမှာ ပိတ်မိနေကြတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရွာသားတွေကို စစ်ဆေးမေးပြီး မသင်္ကာတဲ့ နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးလိုက်သလို သူတို့မေးတဲ့ နာမည်တွေကို တပတ်အတွင်း မဖော်ပေးနိုင်ပါက ရွာလုံး ကျွတ်မီးရှို့ ဖျက်ဆီးပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
မကွေးတိုင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ် ၂၅ ရက်အထိ အိမ်ခြေ ၅၄၁၈ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data For Myanmar က သြဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။