
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ အောက်တိုဘာ ၁၇ ရက် ညက စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး မွတ်စလင် အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျောက်တော် အခြေစိုက် စခက(၉)၊ခမရ ၃၇၅၊၃၇၆ တပ်ရင်းတွေက မနေ့က အောက်တိုဘာ ၁၇ ရက် ည ၇ နာရီ ၁၀ မိနစ်လောက်ကစလို့ သူတို့တပ်စွဲထားတဲ့နေရာတွေကနေ ပြည်သူတွေနေတဲ့ ရပ်ကွက်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာလို့ ကျောက်တော်မြို့ ဒေသခံတယောက်က ပြောပါတယ်။
“အဲဒီစစ်(...)တွေရဲ့ ပစ်ခတ်မှုကြောင့် မနေ့ကည ၉ နာရီလောက်မှာ ကျောက်တော်မြို့ ပိုက်သည်(မွတ်စလင်)ရပ်ကွက်ကို ကျရောက်ပေါက်ကွဲပြီး အသက် ၃၀ နှစ်အရွယ် မဂျမီနာရဲ့ ညာဘက်ပေါင်ရင်းကို လက်နက်ကြီးထိမှန်ပြီး အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်။”
ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကို ကျောက်တော်မြို့နယ် အပေါက်ဝတိုက်နယ်ဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမဲ့ ပေါင်မှာရရှိခဲ့တဲ့ ဒဏ်ရာ အရမ်းပြင်းထန်တာကြောင့် သေဆုံးသွားခဲ့ပါတယ်။
ဒေသခံတဦးက “စစ်(...)တွေဟာ ကစ္ဆပနဒီတံတားနား၊ လင်းမွေတောင်၊ စခက ၉ ဘက်တွေကနေ နေရာအနှံ့ကနေ ရမ်းကားပစ်ခတ်ကာ တံတားအနောက်ဘက် မောင်းတံဂိတ်မှာရှိတဲ့ စစ်(...)တွေဟာ ၇ နာရီနဲ့ ၅၀ မိနစ်လောက်မှာ မြို့ထဲတွေကို ဝင်ရောက်ပြီး ရမ်းကားပစ်ခတ်ခဲ့လို့ ကျောက်တော်မြို့ အနောက်ဘက်ကိုလည်း လက်နက်ကြီးကျည် ၂ လုံး ကျရောက်ခဲ့တယ်”လို့ ပြောပါတယ်။
မင်းပြားမြို့နယ်မှာလည်း မနေ့က အောက်တိုဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ တမင်ပစ်ခတ်လို့ ကျောင်းဆရာမတယောက်၊ ကလေးငယ် တယောက်အပါဝင် အမျိုးသမီး ၃ ယောက်သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။