
မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ အောက်တိုဘာ ၁၆ ရက် ညပိုင်း စစ်ကောင်စီတပ်သားတွေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးကာ PDF ရဲဘော်တယောက် ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ ဗိဿနိုး-PDF ကနေ သိရပါတယ်။
ဗိဿနိုး-PDF ရဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က “နတ်မောက်မြို့နယ် ဖက်တောရွာနားမှာ အောက်တိုဘာလ ၁၆ ရက်နေ့ ည ၉နာရီခွဲလောက်က ဆိုင်ကယ် ၄ စီးနဲ့ ကင်းလှည့်လာတဲ့ စစ်(...) ၈ ယောက်နဲ့ပျူ(...)တွေကို သွားရောက်ရှင်းလင်းရာ စစ်(...)ဘက်က ၄ ယောက်သေဆုံးပြီး ကျနော်တို့ ရဲဘော်တယောက် ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲကို ဗိဿနိုး-PDFနဲ့ ဂဠုန်တပ်ဖွဲ့(နတ်မောက်)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး နှစ်ဘက်ထိတွေတိုက်ပွဲ မိနစ် ၂၀ လောက်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဆီကနေ သေနတ် ၂ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ဗိဿနိုး-PDF ကို စစ်(...)တွေဘက်က ခေါင်းဆောင်ပိုင်းတွေကို ဖမ်းဆီးပြီး ရဲဘော်တွေကိုသတ်ဖြတ်တာတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမဲ့လည်း ကျနော်ကတော့ ပြည်သူတွေနဲ့ အတူရပ်တည်ပြီး ပြည်သူလူထုနဲ့ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်(...)တွေ အမြစ်ပြုတ်တဲ့အထိတိုက်ပွဲ ဝင်သွားမယ်”လို့ ဗိုလ်ထန်ထွဋ်က ပြောပါတယ်။
မိဘပြည်သူတွေအနေနဲ့လည်း ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ အတူ ပူးပေါင်းပါဝင်ပြီး မိမိတို့ တတ်နိုင်တဲ့ ကဏ္ဍအသီးသီးက ပူးပေါင်းပါဝင်ကြဖို့ကိုလည်း မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။