Home
မြန်မာသတင်း
ချောင်းဦး၊ မြင်းမူနှင့် စစ်ကိုင်းမြို့နယ်တို့တွင် စစ်ယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
October 18, 2022

စစ်ကိုင်းတိုင်း၊ ချောင်းဦး၊မြင်းမူနဲ့ စစ်ကိုင်းမြို့နယ်တွေမှာ အောက်တိုဘာ ၁၇ ရက်က စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ယာဉ်တန်းတွေ အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

မနေ့ နေ့လည် ၂ နာရီဝန်းကျင်က ချောင်းဦးမှ စစ်ကိုင်းဘက် ထွက်ခွာလာတဲ့ စစ်ယာဉ်တန်း ၄ စီးကို ငါးယှန်နဲ့ နတ်ရေကန်ကျေးရွာကြားမှာ မြောင်အမျိုးသမီးစစ်သည်တော်တပ် M2W မှ ထုတ်လုပ်တဲ့ ဖျက်အားပြင်း မိုင်းပဒေသာ ၇ လုံးတွဲတနေရာ၊ ၈ လုံးတွဲတနေရာ နှစ်နေရာခွဲပြီးဖောက်ခွဲတိုက်ခိုက်ရာ ဒုတိယကားနဲ့ တတိယကားမှာ ထိမှန်သွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ CDSOM မှ တာဝန်ရှိသူက "အလောင်းတွေကိုသယ်ဖို့ စစ်ကိုင်းဘက်ကလာတဲ့ ပြည်သူကားအဖြူရောင် တစီးကို ပစ်ပြီးတားတာ။ အဲ့ဒီမှာ ကားဒရိုင်ဘာသေဆုံးသွားတယ်။ အဲ့ဒီကားနဲ့ပဲ သူတို့အဖွဲ့က သေဆုံးသူတွေနဲ့ ဒဏ်ရာရသူကို ချောင်းဦးဘက်သယ်သွားတယ်။ နောက်ပြီး ကျန်ခဲ့တဲ့ ကောင်တွေက စက်သေနတ်နဲ့ ဆက်တိုက်ပြန်ပြီးပစ်ခတ်တာတွေလည်းရှိခဲ့တယ်။ ကျနော်တို့မဟာမိတ်အဖွဲ့ကတော့ ထိခိုက်မှုတစုံတရာမရှိခဲ့ပါဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းဘက်က ထွက်ခွာလာတဲ့ စစ်ယာဉ်တန်း ၁၀ စီးကို မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာအနီးမှာ မိုင်း ၃ လုံးတွဲနဲ့ တစ်ကြိမ်၊ ရေပိုးစားနဲ့ နတ်ရေကန်ကျေးရွာကြားမှာ နောက်ထပ် မိုင်း ၃ လုံးတွဲနဲ့ တစ်ကြိမ် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က ဖောက်ခွဲတိုက်ခိုက်ရာ ၄ စီးမြောက်ကားနဲ့ ၉ စီးမြောက်စစ်ကားတွေ ထိမှန်ခဲ့ပြီး ဒဏ်ရာရတဲ့ စစ်သားတွေကို မုံရွာမြို့ဘက်မှ လူမှုရေးကားတွေနဲ့ လာရောက်သယ်ဆောင်သွားကြတယ်လို့ သိရပါတယ်။

အလားတူ ချောင်းဦးမြို့နယ်မှာလည်း နောက်ထပ် စစ်ကား ၄ စီးနဲ့ စစ်ကိုင်းဘက်မှ ထွက်ခွာလာတဲ့ စစ်ကား ၁၄ စီးကို မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် (CRA) က ပြောပါတယ်။

“ချောင်းဦးကနေ ထွက်လာတဲ့ စစ်ကား လေးစီးကို ပဒေသာမိုင်းတစ်တွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ပထမကားနဲ့ ဒုတိယကား ထိတယ်။ သုံးယောက်သေတယ်။ ဒဏ်ရာရတဲ့ ကောင်တွေများတယ်။ ဆဲဆိုပြီး ဘေးကို ရမ်းပြီးပစ်တယ်။ နောက်ပြီး စစ်ကိုင်းဘက်ကလာတဲ့ ကား ၁၄ စီးကို ပဒေသာမိုင်းနှစ်တွဲနဲ့ ဖောက်ခွဲတိုက်ခိုက်တယ်။ ရှေ့ဆုံးကလာတဲ့ စစ်ကား နှစ်စီးလုံး ကိုယ်ထည်တွေ ပေါက်ပြဲပျက်စီးပြီး လမ်းဘေးထိုးရပ်သွားခဲ့တယ် "လို့ ပြောပါတယ်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုမှာ ရန်သူစစ်ကောင်စီတပ်တွေ သေချာပေါက် သေဆုံးထိခိုက်ဒဏ်ရာရသူ ရှိနိုင်ပေမဲ့ အတိမသိရသေးဘူးလို့လည်း ဆိုပါတယ်။ 

မြင်းမူမြို့နယ် ကန်ဖျားဇရပ်ကျေးရွာအနီးမှာလည်း နေ့လယ် ၂ နာရီဝန်းကျင်က စစ်ကား ၁၀ စီးကို ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့တွေက သုံးနေရာခွဲကာ မိုင်းအလုံး ၂၀ နဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာမှာ ၈ စင်းမြောက်ကားမှာ မိုင်းထိမှန်သွားတဲ့အတွက် လမ်းဘေးထိုးရပ်သွားတယ်လို့ Moe Nyo Revolation Force အဖွဲ့ထံမှ သိရပါတယ်။

အဲ့ဒီနောက် ၁၀ မိနစ်လောက် အပြန်လှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က ထိခိုက်သေဆုံးသွားတဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို မြင်းမူမြို့က လူနာတင်ကား ၂ စီးနဲ့ သယ်ဆောင်သွားကြတယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့နယ်အတွင်းက ကံတလူတိုးဂိတ်နဲ့ ရွာသစ်ကျေးရွာအနီးမှာလည်း မနေ့ မနက် ၉ နာရီခွဲလောက်က ကင်းပုန်းချလမ်းရှင်းဖို့လာတဲ့ စစ်ကိုင်းတပ်မ ၃၃ မှ စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အရေတွက်ကိုတော့ အတိကျမသိရသေးကြောင်း စစ်ကိုင်းမြို့နယ် (ပကဖ)က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ပြန်လည်ပစ်ခတ်တာတွေရှိခဲ့တယ်လို့သိရပြီး ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့မှ အထိခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အောက်တိုဘာ ၁၇ ရက် တစ်ရက်အတွင်း မန္တလေး - မုံရွာလမ်းတလျှောက် စစ်ယာဉ်တန်းတွေ အပြန်အလှန်သွားလာမှုတွေများပြားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ကင်းပုန်းဝပ်လုံခြုံရေးယူထားတာလည်း  ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024