Home
မြန်မာသတင်း
လူမှုကွန်ရက်တွင် လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ရောင်းဝယ်နေသူများကို အရေးယူမည်ဟု စစ်ကောင်စီ ဗဟိုဘဏ် ကြေညာ
DVB
·
October 17, 2022

နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲ လူမှုကွန်ရက်တွင် နိုင်ငံခြားငွေ ရောင်းဝယ်နေကြတဲ့သူတွေကို တရားစွဲဆို အရေးယူသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က သတိပေး ကြေညာထားပါတယ်။

ဗဟိုဘဏ်ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကထုတ်ပြန်တဲ့ သတိပေး ထုတ်ပြန်ချက်အရ  နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် မရှိတဲ့ Perfect Money နဲ့ B to P Money exchange အမည်ရှိ လူမှုကွန်ရက်စာမျက်နှာ (Facebook Page)တွေမှာ နိုင်ငံခြားငွေတွေ ရောင်းချ၊ ဝယ်ယူနဲ့ လဲလှယ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒီ့အပြင် Black Market Rate, USD Exchange Rate, Golda and Forex Trading, Gold and Dollar Market, Dollar Buyer Seller ဒေါ်လာရောင်းဝယ်သူများ ဆုံစည်းရာ Dollar Palace, Dollar ရောင်းမယ်၊ ဝယ်မယ် တိုက်ရိုက်၊ ရွှေဈေး ဒေါ်လာဈေး တိုက်ရိုက် (Gold & Dollar Market) ဒေါ်လာပေါက်ဈေး update YGN MDY ကြိုက်ရောင်းကြိုက်ဝယ်၊ ယူရို ဒေါ်လာ ရောင်းဝယ်ပို့ဆောင်သူများ ဆုံစည်းရာ Euro Dollar Trading, ဒေါ်လာဝယ်ရောင်း တိုက်ရိုက် USD Exchange ဒေါ်လာစားများနှင့် နိုင်ငံခြားငွေ လိုသူများ ဝယ်ရောင်းရန်၊ ဒေါ်လာ ရောင်းသူ၊ ဝယ်သူ တိုက်ရိုက် (Dollar Buyer Seller) $ ဒေါ်လာ $ ရောင်းဝယ်၊ ဒေါ်လာ dollar ရောင်းသူဝယ်သူ တိုက်ရိုက် (ကြိုက်ရောင်း၊ ကြိုက်ဝယ်)၊ နိုင်ငံတကာငွေကြေး ဈေးနှုန်းများနှင့် ဒေါ်လာ ကြိုက်ရောင်း ကြိုက်ဝယ်၊ မြန်မာ့ရွှေ ကမ္ဘာ့ရွှေ အမည်ရှိတဲ့ လူမှုကွန်ရက် စာမျက်နှာတွေဟာ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈ ကို ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိရတယ်လို့ ဗဟိုဘဏ် ရဲ့သတိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် အဆိုပါ လူမှုကွန်ရက်စာမျက်နှာ(Facebook Page) တွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈ အရ ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိရတဲ့အတွက် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂ အရ တရားစွဲဆိုသွားဖို့ ဆောင်ရွက်ထားပြီး ဖြစ်တယ်လို့ ဗဟိုဘဏ်က သတိပေးထားပါတယ်။

ဗဟိုဘဏ်အနေနဲ့ ဥပဒေကြောင်းအရ ဖိအားပေးပြီး အခုလို သတိပေးထုတ်ပြန်နေပေမဲ့ မှောင်ခိုဈေးကွက်ကို ထိန်းချုပ်ဖို့က မဖြစ်နိုင်ဘူးလို့ ဘဏ်နဲ့ငွေကြေးဆိုင်ရာကျွမ်းကျင်သူတွေက သုံးသပ်ပြောပါတယ်။

“အဓိကပြဿနာက ဘာလဲဆိုတော့ သူတို့ သတ်မှတ်ထားတဲ့ Official rate ကနည်းနေပြီး market price က များနေရင် မှောင်ခိုဈေးကွက်က ဘယ်လိုပဲလုပ်လုပ် ရှိနေမှာပဲနော်။ ပြီးတော့ဗျာ မှောင်ခိုဈေးကွက်က ဈေးပိုရတယ်ဆိုတော့ လူတိုင်းက သွားကြမှာပဲလေ။ နောက်တချက်က ဘာရှိသေးလဲဆိုရင် တကယ်လို့ပေါ့ official rate က market price နဲ့ ဘာမျှ မကွာဘူး ဆိုပေမဲ့ ပြဿနာက ရောင်းဖို့ ဝယ်ဖို့အတွက်က document တွေ ဖွင့်ရတယ်ဗျာ။ ဒီ့အတွက် ဘာရှိရမယ် ညာရှိရမယ်ဆိုပြီး သူတို့ သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေက များတော့ (processing) လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ ကြန့်ကြာစေတယ်။ ဆိုတော့ မှောင်ခိုဈေးကွက်မှာတော့ ဒီလို ကန့်သတ်ချက်တွေ မများတဲ့အတွက် မြန်ဆန် လွယ်ကူစေတယ်ဗျာ။ အချုပ်ပြောရရင် မှောင်ခိုဈေးကွက်မှာ ဈေးပိုရတာက တချက် ပြီးတော့ ဒုတိယအချက်ကလဲ တရား ဝင်သွားတဲ့နေရာမှာ အကြောင်းမျိုးမျိုးကြောင့် ဘဏ်တွေရဲ့ လုပ်ထုံးလုပ်နည်းအရ တင်ပြရမယ့် အပိုင်းတွေက အများကြီး တင်ပြရတာ ဖြစ်လို့ အချိန်ကြန့်ကြာမှုတွေ ရှိစေတယ်။ ဒီတော့ မှောင်ခိုဈေးကွက်ကို ဘယ်လိုမျှ ပျောက်ကွယ်အောင် လုပ်လို့ရမှာ မဟုတ်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးနဲ့ပတ်သက်ပြီး ရောင်းဝယ်ခွင့်လုပ်ငန်း လိုင်စင်ချပေးထားတဲ့ ငွေလဲကောင်တာတွေမှာ နိုင်ငံခြားငွေကြေး အမေရိကန်ဒေါ်လာကို ဝယ်ယူနိုင်ဖို့ဆိုတာက အင်မတန်ခက်ခဲတဲ့အကြောင်း လုပ်ငန်းရှင်တဦးက မှတ်ချက်ပေးပါတယ်။

“အဲဒီကောင်တာတွေက အဝယ်သာ ရှိတာ။ ပြန်ရောင်းတာက မရှိသလောက်ပဲနော်။ ပြီးတော့ လာဝယ်တာပဲဖြစ်ဖြစ် လာရောင်းတာပဲဖြစ်ဖြစ် အထောက်အထားတွေ အကုန်ပေးရတယ်။ ရှင်းရှင်းပြောရရင် ကျနော်တို့ဆီမှာ ရွှေအသင်းတွေကနေ ရွှေတွေ ထုတ်ရောင်းပေးတဲ့ အခြေအနေကိုပဲ ကြည့်။ အကန့်အသတ်တွေနဲ့လေ။ မှတ်ပုံတင်တွေ ပြရတယ်။ ပြီးတော့ တခြား အထောက်အထားတွေ ပြရတယ်လေ။ ဆိုတော့ ဒီဒဏ်တွေကို လူတွေက မခံနိုင်ကြဘူး။ အဲဒီတော့ အပြင်ဈေးကွက်ကိုပဲ သွားလုပ်ကြတာပေါ့။ အခုလည်း ကြားနေရတာပဲလေ။ လေဆိပ်တွေမှာ ရှိတဲ့ ငွေလဲကောင်တာတွေမှာ နိုင်ငံခြား ထွက်မယ့်သူတွေကို သူတို့ သတ်မှတ်ထားတဲ့ official rate နဲ့ ဒေါ်လာ ရောင်းပေးမယ်လို့ ပြောတာပဲ။ ဒါပေမဲ့ သူတို့ ရောင်းပေးတယ် ဆိုတာကို ကျနော်တော့ မကြားမိသလောက်ပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ အောက်တိုဘာ ၁၇ ရက် အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးနှုန်းက အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၂၉၀၀ နဲ့ ၃၀၀၀ ကျပ်အကြားမှာ အရောင်းအဝယ် ရှိနေတာပါ။ ဒါပေမဲ့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းမှာ အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၂၁၀၀ ကျပ်နှုန်း သတ်မှတ်ပေးထားပါတယ်။

ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက အမေရိကန် ၁ ဒေါ်လာရဲ့ တန်ဖိုးဟာ မြန်မာငွေ ၃၇၀၀ နဲ့ ၄၀၀၀ ကျပ်အထိ အမြင့်ဆုံး ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024