DVB Logo
Home
မြန်မာသတင်း
အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်ဟု NUG ကြေညာသည့်အပေါ် မြေပြင်တပ်ဖွဲ့များ ဝေဖန်
DVB
·
October 17, 2022
အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်ဟု NUG ကြေညာသည့်အပေါ် မြေပြင်တပ်ဖွဲ့များ ဝေဖန်
Donate to DVB

လာမယ့် ၂၀၂၃ ခုနှစ်ဟာ အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်ဖြစ်တယ်လို့ NUG ရဲ့ ပြောဆိုချက်ဟာ ထင်သလောက်လွယ်လွယ် မဖြစ်နိုင်သေးဘူးလို့ မြေပြင်မှာ စစ်ကောင်စီတပ်တွေနဲ့ လက်တွေ့ ရင်ဆိုင်တိုက်ခိုက်နေကြရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး အဆုံးသတ်တိုက်ပွဲအတွက် အဆုံးဖြတ်နှစ်အဖြစ်  လာမယ့်နှစ်ကို သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေက အောက်တိုဘာ ၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ကြေညာထားတာပါ။

နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံတကာသံတမန်ရေး၊ ပြည်သူနဲ့ထိတွေ့ဆက်ဆံရေး စတဲ့ မျက်နှာစာ ၆ ခုဖွင့်ပြီး စစ်ကောင်စီကို ထိုးနှက်သွားမယ်လို့ ဆိုထားပေမဲ့ တော်လှန်ရေး အချိန်တနှစ်အတွင်း အောင်ဖို့ဆိုတာ လက်ရှိ အခင်းအကျင်းနဲ့တော့ မသေချာဘူးလို့ ဆားလင်းကြီးမြို့နယ် တွေ့ရာသင်္ချိုင်း ဓားမဆိုင်းအဖွဲ့တာဝန်ရှိသူက သုံးသပ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြန့်ကျဲနေတဲ့ အဖွဲ့တွေကို စုစည်းနိုင်ဖို့၊ လက်နက်တွေ အမြန်တပ်ဆင်ပေးဖို့၊ မြို့နယ်အဆင့်မှာ တကယ်အလုပ်လုပ်တဲ့အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို အစားထိုးခန့်အပ်ဖို့စတဲ့အချက်တွေကို လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့လည်း ထောက်ပြပါတယ်။ 

ဆားလင်းကြီးမြို့နယ်က တွေ့ရာသင်္ချိုင်း ဓားမဆိုင်းအဖွဲ့ခေါင်းဆောင် စွမ်းသူမောင်က "လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေမှာ လက်နက်အားက အရမ်းအားနည်းပါတယ်။ ရှိတဲ့အဖွဲ့က ရှိတယ်၊ မရှိတဲ့အဖွဲ့က မရှိဘူး။ ဒီပုံစံအတိုင်းသာ သွားမယ်ဆိုရင် အခုလက်နက်တပ်ဆင်မှုကလည်း အားနည်းသလို မြို့နယ်တွေမှာ ထိန်းချုပ်မှုကလည်း အရမ်းအားနည်းနေတဲ့အတွက် တနှစ်အတော အတွင်း အောင်မြင်ဖို့ ဆိုတာကတော့ မသေချာပါဘူး။ လက်နက်ကိုင်တွေအနေနဲ့ သွားမယ်ဆိုရင် တနှစ်အတွင်း နိုင်ခြေက ၇၀ ရာခိုင်နှုန်းမှာ မသေချာပါဘူး။"

စစ်ကောင်စီတပ်တွေဟာ  စစ်ကိုင်း၊ မကွေး၊ ကရင်နီ၊ ချင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေသလို လတ်တလောမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနဲ့ ချင်းပြည်နယ်၊ ပလက်ဝနယ်မြေတွေမှာ ရက္ခိုင့်တပ်တော် အေအေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

တော်လှန်ရေးမြန်မြန်အောင်ဖို့လိုပြီး တော်လှန်ရေးအင်အားစုတွေက မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်ပြတဲ့နည်းလမ်းနဲ့ ပြည်သူတွေရဲ့အားပေး ထောက်ခံမှုကို ရယူနိုင်မယ်လို့ မင်းတပ် ပအဖ တာဝန်ခံ ကိုယောမန်က သုံးသပ်ပါတယ်။

"ဒီပုံစံနဲ့ရှေ့ဆက်ကြရင်တော့ ခက်ခဲသထက် ခက်ခဲလာဖို့ပဲ များတယ်။ တော်လှန်ရေးက မြန်မြန်ပြီးမှဖြစ်မယ်။ ဒါပေမဲ့ သန်းခေါင်ထက်ညမနက်တော့ဘူးဆိုတော့ ခက်ခဲမယ်ဆိုလည်း ခက်ခဲပါစေ။ မြို့သိမ်းတိုက်ပွဲတွေလိုမျိုး တော်လှန်ရေးအရှိန်မြှင့်လာဖို့ အားလုံးက မျှော်လင့်နေကြ တာ။ တော်လှန်ရေးအရှိန်မြှင့်လာတာနဲ့အမျှ ခက်ခဲတယ်ဆိုလည်း ပြည်သူတွေအနေနဲ့ နားလည် နိုင်တယ်။ သူတို့ရဲ့အခက်အခဲတွေလည်း တော်လှန်ရေးမှာ ပါဝင်ချင်လို့ အားလုံး ခံယူကြတာပေါ့။"

ရခိုင်ပြည်မှာ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော်(အေအေ) တို့ရဲ့ တိုက်ပွဲတွေဟာ တနေ့တခြားပြင်းထန်လာပြီး နှစ်ဖက်စလုံးက အလျှော့ပေးမယ့်လက္ခဏာ မရှိတဲ့အတွက် ပြည်သူတွေဟာ မြေဇာပင် ဖြစ်နေရတယ်လို့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ အကူအညီ ပေးနေတဲ့  တင်းမဆရာတော်က မိန့်ပါတယ်။ 

အမှန်တကယ်ကြိုးစားရင် မဖြစ်နိုင်ဘူးဆိုတာမရှိဘူးဆိုပေမဲ့ လက်တွေ့မှာတော့ ပြောသလောက် မလွယ်ဘူးလို့ တင်းမဆရာတော်က မိန့်ပါတယ်။

"မြန်မာနိုင်ငံမှာ ဟိုကလည်း စစ်တပ်။ စစ်တပ်က အင်အားကြီးမားတယ်။ အင်အားကြီးမားတော့ လူထုထောက်ခံတာ မထောက်ခံတာ အသာထားဦး။ တော်လှန်ရေးအဖွဲ့အစည်းတွေက တော်လှန် တိုက်ခိုက်တယ်။ တနှစ်အတွင်း ပြတ်မယ်ဆိုတဲ့ဟာတွေကတော့ လွယ်တော့ မလွယ် လောက်ဘူး လို့ ထင်တယ်။ ဒါပေမဲ့လည်း လုပ်လို့ ရှိရင်တော့ ကြိုးစားလို့ရှိရင်တော့ မဖြစ်ဘူးဆိုတာ တော့မရှိပါဘူး။ လွယ်လွယ်လေးနဲ့ဖြစ်မယ်ဆိုတာတော့ လွယ်တော့မလွယ်ဘူးပေါ့။ အဲ့လို မျိုးဖြစ်လာလို့ရှိရင်တော့ လူထုတွေမှာ မြေဇာပင်ဖြစ်မှာပေါ့လေ။ အကုန်လုံး ဒုက္ခရောက်ကြမှာပဲ။ ဒါပေမဲ့ နိုင်ငံရေးကို နိုင်ငံရေးအရအဖြေရှာပြီးတော့ ပြည်သူလူထု ထိခိုက်မှုမရှိအောင် စကားဝိုင်းမှာ ညှိနှိုင်းပြီးတော့ အဖြေရှာမယ်ဆိုရင်တော့ ကောင်းတာပဲလေ။ အဲလိုမျိုးမဖြစ်အောင် နည်းလမ်းကနေပြီးတော့ ရှာလို့ရပါတယ်"

ချင်းပြည်နယ် မြို့နယ် ၉ ခုမှာ နေထိုင်တဲ့ ပြည်သူ ခန့်မှန်းခြေ ၅ သိန်းကျော်ရှိနေပြီး အဲ့ဒီထဲက အများစုဟာ စစ်ဘေးဒဏ်၊ ရာသီဥတုဒဏ်၊ စားနပ် ရိက္ခာနဲ့ ဆေးဝါးရှားပါးတဲ့ ဒဏ်တွေကို ခံနေရပါတယ်။ 

အလားတူပဲ စစ်ကိုင်းတိုင်းမှာစစ်ဘေးသင့်နေတဲ့ သိန်းနဲ့ချီတဲ့ပြည်သူတွေဟာလည်း အသက်ရှင် ရပ်တည်ဖို့ ခက်ခဲနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေကတော့ စစ်အာဏာရှင်ပြုတ်ကျရေး အားလုံး ဝိုင်းရုန်းကြဖို့ တိုက်တွန်းထားပြီး မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။ 

စစ်ကောင်စီက သူတို့ ရည်ရွယ်ချက်အတိုင်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုပ်ဆောင်နေပြီး NUG ကလည်း မဖြစ်အောင် မပျက်ပျက်အောင် ဖျက်မယ်လို့ ကြေညာထားသလို နိုင်ငံတကာမှာ တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုခံရဖို့လည်း   နည်းလမ်းစုံ အသုံးပြုကြိုးပမ်းနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013