DVB Logo
Home
မြန်မာသတင်း
စစ်တပ်က သတင်းမှားများ ဖြန့်နေခြင်းကြောင့် အမှန်တရား ဆိတ်သုန်းနေဟု ဦးကျော်မိုးထွန်း ကုလထံ တင်ပြ
DVB
·
October 16, 2022
စစ်တပ်က သတင်းမှားများ ဖြန့်နေခြင်းကြောင့် အမှန်တရား ဆိတ်သုန်းနေဟု ဦးကျော်မိုးထွန်း ကုလထံ တင်ပြ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီးခြိမ်းခြောက်တာတွေ ပြုလုပ်ပြီး အမှန်တရား ဆိတ်သုဉ်းစေဖို့ ရည်ရွယ်လုပ်ဆောင်နေတယ်လို့ NUG ကိုယ်စားပြု ကုလကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၁၄ ရက်က နယူယောက်မြို့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယ ကော်မတီရဲ့ လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးဘာသာရပ်နဲ့ပတ်သက်လို့ လွတ်လပ်စွာ ထင်မြင်ချက်ပေးခွင့်နှင့်ထုတ်ဖော်ပြောကြားခွင့်ဆိုင်ရာ အစီရင်ခံစာတင်သွင်းသူနဲ့ ဦးကျော်မိုးထွန်း တို့ အပြန်အလှန်ဆွေးနွေးတဲ့ အစီအစဉ်မှာ  အထက်ပါအတိုင်း ပြောခဲ့တာပါ။

ဦးကျော်မိုးထွန်းက ဆွေးနွေးရာမှာ သတင်းအချက်အလက်ဟာ အခြေခံလူ့အခွင့်အရေးဖြစ်ကာ ပဋိပက္ခဖြစ်တဲ့ နေရာနဲ့ အဲဒီမှာ နေတဲ့သူတွေအတွက် အထူးအရေးပါတယ်လို့ ပြောဆိုခဲ့ပြီး စစ်အာဏာသိမ်းတဲ့အချိန်ကစလို့ လွတ်လပ်စွာ ထင်မြင်ချက် ပေးခွင့်နဲ့ ထုတ်ဖော်ပြောကြားခွင့်ဟာ အလွန်ခက်ခဲဆိုးရွားတဲ့အခြေအနေမှာရှိနေပြီလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးချိန်ကစတင်ကာ သတင်းမှားတွေ၊ ဝါဒဖြန့်မှုတွေ၊ အကြမ်းဖက်မှုတွေအား စစ်ပွဲအင်္ဂါရပ်အဖြစ် လှုံ့‌ဆော်လုပ်ဆောင်နေကြောင်း၊ အထူးသဖြင့် နိုင်ငံပိုင် မီဒီယာ၊ သတင်းစာနဲ့ လူမှုကွန်ရက်တွေပေါ်ကနေ အကြမ်းဖက်မှုနဲ့ အမုန်းပွားမှုဖြစ်ပေါ်စေဖို့ မမှန်တဲ့သတင်းအချက်အလက်တွေ ဖြန့်ဝေနေတယ်လို့ ဦးကျော်မိုးထွန်း က ထောက်ပြထားပါတယ်။ 

ဒါ့အပြင် အာဏာသိမ်းချိန်ကစပြီး သတင်းဌာန ၁၂ ခုကို ပိတ်ခိုင်းခဲ့သလို  ပကတိ မြန်မာနိုင်ငံအခြေအနေမှန်ကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့  သတင်းထောက် ၁၄၂ ဦးကို ဖမ်းဆီးကာ အမှန်တရား ဆိတ်သုန်းစေဖို့ လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 

စစ်အာဏာရှင်စနစ်အား ကန့်ကွက်မှု ပြင်းထန်တဲ့ ဒေသအနှံ့အပြားမှာလည်း အင်တာနက်ကို ရည်ရွယ်ချက်ရှိရှိပိတ်ခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရှိန်အဟုန်နဲ့ ဆိုးရွားလာနေကြောင်း၊ သတင်းအချက်အလက် ရယူခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်တွေကို အလွန်အမင်းကန့်သတ်ထားပြီး သတင်းအချက်အလက်အမှားနဲ့ ဝါဒအမှားတွေကို ဖြန့်ကာ ပြည်သူကို လိမ်လည်လှည့်ဖြားပြီး ဒုက္ခဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ပြည်သူကို လိမ်လည်လှည့်ဖြားပြီး ဒုက္ခဖြစ်စေတဲ့ စစ်တပ်ရဲ့ သတင်းမှားဖြန့်တဲ့အပေါ် ဘယ်လိုကိုင်တွယ် ဖြေရှင်း ရမလဲဆိုတာကို မေးမြန်းခဲ့ပါတယ်။  

မြန်မာစစ်အာဏာရှင်ဟာ သတင်းထောက်တွေကို ခြိမ်းခြောက်တဲ့အနေနဲ့  ထင်ရာမြင်ရာ ဥပဒေတွေနဲ့ထောင်ချ နေတယ်လို့ အမေရိကန်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ကပြောကြားခဲ့ပြီး ကမ္ဘာမှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်တယ်လို့လည်း မှတ်ချက်ပြုထားပါတယ်။ 

အလားတူ စစ်အာဏာရှင်အနေနဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ သတင်းသမားတွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ သတင်းသမားတွေကို မတရားဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေကို ရပ်တန့်ဖို့တောင်းဆိုတာတွေပါဝင်တဲ့ ဆုံးဖြတ်ချက်တရပ်ကို  ဥရောပ ပါလီမန်က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဆုံးဖြတ်ချက်တရပ် ချမှတ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013