
ရခိုင်ပြည်နယ်၊ မောင်တော-အငူမော်သွားလမ်းပေါ်မှာရှိတဲ့ ကိုးတန်ကောက် ဆားငံချောင်း တံတားအနီးမှာ အောက်တိုဘာ ၁၅ ရက် ညနေ ၆ နာရီလောက် စစ်ကောင်စီကား ၂ စီးအား ရက္ခိုင်တပ်တော် (အေအေ) လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ည ၆ နာရီလောက်မှာ တိုက်ခိုက်တာ၊ ကား ၃ စီးလုံး ထိမှန်သွားတယ် လို့ သိရတယ်။ အသေအပျောက်ရှိပါတယ်။ ကျနော်တို့လည်း သွားကြည့်လို့မှမရတာ။ တဆင့်ခံသိရတာ" လို့ ဒေသခံတဦးက ပြောပါတယ်။
ကိုးတန်ကောက် နယ်ခြားစောင့် စခန်းမှ ရဲမှူးကားနဲ့ နယ်ခြားစောင့်တွေလိုက်ပါလာတဲ့ကား နှစ်စီး အင်းဒင်အခြေစိုက် နခခ (၆) မှ ကိုးတန်ကောက်စခန်းကိုအပြန်မှာ ဆားငံချောင်းတံတားအနီး တိုက်ခိုက်ခံခဲ့ရတာလို့ မျက်မြင်ကိုးတန်ကောက်ရွာသားတဦးက ပြောပါတယ်။
"ကိုးတန်ကောက်က ရဲမှူကား အပြန်ကို အေအေဘက်က စောင့်ပြီး တိုက်ခိုင်တာ၊ ကား ၂ စီးလုံးတော့ ထိသွားတယ်။ ၂ ဖက်အပြန်အလှန်တိုက်ပွဲ နာရီဝက်လောက်ဖြစ်ခဲ့ကြတယ်။"
အပြန်အလှန်တိုင်ပွဲဖြစ်ပွားခဲ့ကြပြီး အင်းဒင် နခခ(၆) နဲ့ ကိုးတန်ကောက်နယ်ခြားစောင့်စခန်းတို့မှ ဆားငံချောင်းအနီးဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့ကလည်း ကိုးတန်ကောက်စခန်းမှ နယ်ခြားစောင့်အရာရှိတွေနဲ့ နယ်ခြားစောင်တပ်သားတွေ လိုက်ပါလာကြတဲ့ ကုန်တင်ကားတစီး ဆားငံချောင်းတံတားအနီးမှာ မိုင်းခွဲတိုက်ခိုက်ခဲ့ရတယ်လို့ သိရပါတယ်။