Home
ဆောင်းပါး
ပွင့်လင်းရာသီစစ်ဆင်ရေးနှင့် မီးရှို့တိုက်ခိုက်ခြင်း ဗျူဟာ (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
October 15, 2022

သီတင်းကျွတ်ပြီးပြီ။ သီတင်းကျွတ်ပြီးတာနဲ့ ပွင့်လင်းရာသီရောက်ပြီ။ ပွင့်လင်းရာသီရောက်တာနဲ့ မြန်မာနိုင်ငံအနှံ့ တကျော့ပြန်စစ်ပွဲတွေ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ဖြစ်ကြဦးတော့မယ်။ ဒီတကျော့မှာတော့ အရင်နှစ်တွေနဲ့မတူပဲ တိုက်ပွဲတွေ ပိုပြင်းထန်လိမ့်မယ်ထင်ပါတယ်။ ပွင့်လင်းရာသီမဟုတ်ပေမဲ့ မြန်မာပြည်အဖို့ကတော့ ၁၂ လရာသီလုံးလုံး စစ်အာဏာရှင်လက်ကိုင်တပ်တို့ရဲ့ ထိုးစစ်က မပြတ်ရှိနေခဲ့တာမို့ အထူးအဆန်းတော့ မဟုတ်ပေဘူးပေါ့။

ဒါပေမဲ့ ဒီနှစ်ပွင့်လင်းရာသီကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်ကထက် ပိုမိုပြင်းထန်လိမ့်မယ်လို့ ယူဆရတယ်။ အာဏာရှင်လက်ကိုင်တုတ်ကြေးစားတပ်နဲ့ အာဏာရှင်အမြစ်ဖြတ်ရေး အင်အားစုတို့ရဲ့  ‘အဆုံးအဖြတ်နဲ့ အဆုံးသတ်တိုက်ပွဲ’လည်းဖြစ်သွားနိုင်ပါတယ်။ မကြာမီကပဲ NUG အစိုးရရဲ့ ကြေညာချက်တွေကလည်း ထွက်ပေါ်လာခဲ့ပါသေးတယ်။ ဒီအတွက်လည်း နှစ်ဘက်စလုံးမှာ အစွမ်းကုန် ပုံအောကြမယ့် အနေအထားကို မြင်တွေ့နေရတယ်။  

ရန်သူစစ်အာဏာရှင်အုပ်စုဘက်ကလည်း ရုရှား၊ အီရန်တို့ဆီက ဝယ်ယူစုဆောင်းထားတဲ့ လက်နက်တွေနဲ့ မီးကုန်ယမ်းကုန်ဆင်နွှဲလာနိုင်သလို ပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ လူမျိုးစုလက်နက်ကိုင်တွေဘက်ကလည်း အစွမ်းကုန်ပြင်ဆင်ထားကြလိမ့်မယ်လို့ယူဆမိပါတယ်။ အာဏာလုစစ်တပ်ဘက်ကတော့ ပြည်သူ့ဘဏ္ဏာငွေကိုလုယူအသုံးပြုပြီး စစ်ပွဲအတွက်ပြင် ဆင်ထားသလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း လူထုကူပံ့ငွေကိုအခြေခံပြီး တိုက်ပွဲဝင်ကြရမှာဖြစ်တယ်။ နှစ်ဘက်အခြေအနေကို လေ့လာကြည့်တော့ နှစ်ဘက်စလုံးခက်ခဲတဲ့ အခြေနေကိုတွေ့ရတယ်။

စစ်အာဏာရှင်လက်ကိုင်တုတ်တပ်ကတော့ ပြည်သူနဲ့စစ်ခင်းနေရတဲ့အခြေအနေပါ။ လူထုထောက်ခံမှုမရရှိနိုင်တော့တဲ့ အခြေအနေ။ မြေမြင်တိုက်ခိုက်ရေးတပ်အနေအထားကြည့်ရင် အင်အားချည့်နဲ့နေတာကိုတွေ့ရတယ်။ ဒါကြောင့်လည်း ကြံ့ဖွံ့ပါတီဝင်တချို့ကို ပျူစောထီးအဖြစ် ဖွဲ့စည်းပေးပြီး လက်နက်ကိုင်ခိုင်း အင်အားဖြည့်ထားရတဲ့ အနေအထားမှာရှိတယ်။ စစ်ပြန်စစ်မှုထမ်းဟောင်းတွေနဲ့ စစ်သားမိသားစုတွေကို အဓမ္မထည့်သွင်းပြီး တပ်ဖွဲ့ရတဲ့ အနေအထားကိုတွေ့နေရတယ်။

ဒါအပြင် လူမျိုးစုဒေသတွေမှာတော့ အရင်ကတည်းကဖွဲ့စည်းထားခဲ့တဲ့ ‘ကာကွယ်ရေး’အဖွဲ့တွေနဲ့ အင်အားဖြည့်ထားရတယ်။ လုပ်ပိုင်ခွင့်တွေအပြည့်အဝပေးပြီး ဆက်ကြေးကောက်ခွင့် ဘိန်းကုန်ကူးခွင့်ကိုပါ အထူးအခွင့်အရေးပေးပြီးစည်းရုံးနေတာကိုလည်းတွေ့နေရတယ်။ စစ်တပ်က အသုံးချနေတဲ့ ပျူစောထီးအဖွဲ့ဆိုတာလည်း အမျိုးဘာသာသနာလို့ခေါ်ကြတဲ့ တချိန်က စွမ်းအားရှင်အဖွဲ့တွေ။ ထောင်ထဲကနေ လွတ်ငြိမ်းချမ်းသာနဲ့ ထုတ်ပေးထားတဲ့ လူဆိုး၊ လူမိုက်၊ ခိုး၊ ဆိုး၊ လုယက်၊ မုဒိန်းလူသတ်တွေ၊ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ချဉ်ဖတ်တွေ။ ဒီလိုလူတွေနဲ့ပဲ စစ်တပ်ဟာ အကျိုးတူပေါင်းစည်းပြီး ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေကို ခြိမ်းခြောက် လုယက်ခိုးဝှက်လာတယ်။ အဆုံးစွန်ဆုံး မီးတင်ရှို့တဲ့အထိ မိုက်ရိုင်းလာတယ်။ ဒါက လူထုထောက်ခံမှုကျဆင်းစေတဲ့အချက်ပဲ။ ဒီအချက်က အာဏာလုစစ်တပ်ကို ရှုံးနိမ့်စေတဲ့အနေအထားလို့ ယူဆနိုင်တယ်။

NUG အစိုးရအနေနဲ့ကလည်း ပြင်ဆင်သင့်ပြင်ဆင်ထိုက်တွေကို ပြင်ဆင်ပြီးလောက်ပြီလို့ ထင်ပါရဲ့။ ဘာလို့လဲဆိုရင် စစ်တိုက်ရာမှာအဆင့်သုံးဆင့်ကို အဓိကပြင်ဆင်ကြရတယ်။  အဆင့်သုံးဆင့်ဆိုရာမှာ စစ်မတိုက်ခင် ရှေးပြင်ဆင်ချက်တွေ လုပ်ကြရတဲ့အဆင့်။ စစ်တိုက်နေစဉ်အတွင်း အောင်ပွဲနဲ့ အနိုင်ရရှိရေး ကြိုးပမ်းချက်အဆင့်။ စစ်အောင်ပြီးနောက် အောင်ပွဲကို ခိုင်မာအောင် တည်ဆောက်ရတဲ့အဆင့်ဆိုပြီးရှိတယ်။ ဒါတွေအားလုံးအတွက် ကြိုတင်ပြင်ဆင်ပြီးမှ စစ်ကြေညာ စိန်ခေါ်ကြရတာကိုး။

စစ်မျက်နှာ ၆ ခု ဖွင့်ထားတယ်ဆိုကတည်းက ပထမအဆင့်ဖြစ်တဲ့ စစ်မတိုက်မီ ရှေးဦးပြင်ဆင်ချက်တွေ လုပ်ပြီးလောက်ပြီလို့ယူဆရပါတယ်။ ဒါကြောင့်အခုချိန်မှာတော့ စစ်တိုက်နေစဉ်အတွင်း စစ်ပွဲအနိုင်ရရှိရေး ကြိုးပမ်းရမယ့် အဆင့်ကိုရောက်နေပြီ။ စစ်အနိုင်တိုက်ဖို့ဆိုရင် ရန်သူအခြေနေစုံကိုကြိုလေ့လာထားဖို့တော့လိုမှာပါ။ ရန်သူအနေ အထားကို သိနေခြင်းဟာ စစ်ပွဲမှာ တဝက်လောက် အောင်နိုင်ပြီလို့ဆိုတယ်။

ရန်သူဟာ အခုတလောမှာ စစ်မျက်နှာဖွင့်တိုင်း အများအပြားမဖွင့်ပဲ တနေရာထဲကို စုပြုံထိုးစစ်ဆင်တဲ့အနေအထားကို တွေ့နေရတယ်။ ကရင်မှာဆိုရင် တပ်မဟာ ၆ ရဲ့ ဝေါလေစခန်းကို ဦးတည်စုပုံထိုးနေတာကိုတွေ့ရသလို ကရင်နီဘက်မှာဆိုရင်လည်း မိုးဗြဲကိုပဲ ဦးတည်စုပုံထိုးနေတာကို တွေ့ရတယ်။ ဒါဟာ တနိုင်ငံလုံးကို ဖြန့်ကြက်ထားဖို့ စစ်အင်အား မလုံလောက်မှုကိုပြနေသလိုမဟာဗျူဟာကျတဲ့နေရာတွေကို အဓိကထားတိုက်ပွဲဝင်နေတဲ့သဘောပဲ။

စစ်ပညာကျမ်းတွေကတော့ အဲ့သလိုစုပုံထိုးတဲ့ရန်သူကို ‘ဖြန့်ခွဲစုစည်းပေါင်းစပ်’နည်းကို အသုံးပြုပြီး ရန်သူ ထိုးစစ်ပြိုကွဲအောင်လုပ်ပြီး အနိုင်ယူလေ့ရှိကြတယ်။ စစ်ရေးဟာ အလွန် ဥပါယ်တံမျဉ်များရတဲ့ အလုပ်ဖြစ်တယ်။ ကိုယ့်ဘက်က စေ့စပ်သေချာပြင်ဆင်နိုင်မှရတယ်။ စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့လိုတယ်။ စတင်တဲ့တိုက်ပွဲမှာ တပ်ဦးမကျိုးဖို့လိုအပ်သလို တပ်ဦးမကျွံဖို့လည်း လိုအပ်တယ်။ စစ်ရေးစစ်ရာမှာ လျှပ်တစ်ပြက် လျင်မြန်မှုနဲ့ လက်ဦးမှုရရှိရေးဟာ အရေးပါတဲ့ စစ်ရေးအဆုံးအဖြတ် ဖြစ်နေတတ်တယ်လို့ ဆိုကြပါတယ်။

ရန်သူရဲ့မဟာဗျုဟာနဲ့ နည်းဗျူဟာကို သိအောင်လုပ်ပြီး ရိုက်ချိုးဖျက်ဆီးပစ်ရမယ်။ မြေပြန့်ဒေသတွေ၊ ကရင်နီနဲ့ ချင်းဒေသတွေေမှာဆိုရင် ရန်သူ့နည်းဗျူဟာမှာ မီးရှို့စစ်ဆင်ရေးဗျူဟာကို လုပ်လေ့ရှိတာကိုတွေ့ရတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ အဆက်အသွယ်တွေ၊ ထောက်ခံတဲ့ ဒေသခံတွေနဲ့ အဆက်အသွယ် မှီတင်းမှုကို ဖြတ်တောက်ဖို့ မီးရှို့တဲ့နည်းကိုသုံးတာပဲဖြစ်တယ်။ ကိုယ်ကလည်း သူ့ကိုဖြတ်လေးဖြတ် ပြန်ကျင့်သုံးလို့ရတယ်။

ရန်သူခိုနားရာ ရန်သူအားထား ဆက်သွယ်မှီတင်းရာ စစ်တန်းလျားတွေကို မီးလောင်ဗုံးပစ်ချခြင်းနဲ့ ရန်သူအခြေပျက်အောင်လုပ်လို့ရတယ်။ ဒါဟာ ရန်သူရဲ့နည်းဗျူဟာကို ရိုက်ချိုးလိုက် ခြင်းပဲဖြစ်တယ်။ ရန်သူ့ရဲ့ တည်ငြိမ်တဲ့အဝန်းအဝိုင်းကို ဖျက်ဆီးနှောင့်ယှက်ခြင်းပဲဖြစ်တယ်။ ရန်သူအတွက် တည်ငြိမ်နေတဲ့ရေပြင်ကို နှောက်ပေးလိုက်တဲ့သဘောဖြစ်ဖြစ်တယ်။ ရှေးပဒေသရာဇ်ခေတ်ကာလတွေကတော့ အဲ့ဒါကို ‘ရန်သူ့လူနဲ့ ရန်သူ့အခြေပြုရာကို မီးရှို့တိုက် ခိုက်ခြင်း’လို့ဆိုကြတယ်။ ဒီနည်းနဲ့ ရန်သူကို တန်ပြန်ထိုးစစ်ဆင်နိုင်တယ်။

ရှေးပဒေသရာဇ်စစ်ပညာရှင်တွေကတော့ မီးရှို့တိုက်ခိုက်ခြင်း ၅ မျိုးကိုဖေါ်ပြကြတယ်။ ပထမအချက်အနေနဲ့ ရန်သူ့လူ စစ်သည်နဲ့ မြင်းတွေကို မီးတိုက်ခြင်း (မြင်းနေရာမှာ ဒီနေ့ခေတ်ကတော့’ကား’ပေါ့)။ ဒုတိယကတော့ ရန်သူ စုဆောင်းထားခဲ့တဲ့ လောင်စာဆီ၊ စားနပ်ရိက္ခာတွေကို မီးတိုက်ခြင်း။ တတိယက ရန်သူစစ်လှည်းယာဉ် စစ်ပစ္စည်းတွေကို မီးတိုက်ခြင်း (ကား၊ တင့်ကား၊ ရေယာဉ်၊ လေယာဉ် အမြောက်စသဖြင့်)။ စတုတ္ထအချက်က ရန်သူ့သိုလှောင် ရုံကုန်တိုက်၊ ဘဏ္ဏာတိုက်တွေကို မီးရှို့ခြင်း။ ပဉ္စမအချက်က ရန်သူ့တပ်ဖွဲ့အဆောက်အဦ၊ ပို့ဆောင်ဆက်သွယ်ရေးတွေကို မီးတိုက်ခြင်းဆိုပြီး ‘မီးရှို့ခြင်းစစ်ဗျူဟာ’ကို စနစ်တကျ ဖေါ်ပြခဲ့ကြတယ်။

ဒီလိုအချက်တွေကြောင့် ရန်သူရဲ့ မီးရှို့ခြင်းဗျူဟာကို ပေါ့ပေါ့လေး သဘောမထားအပ်ဘူး။ ညည်းညူပြီး အပြစ်တင်နေရုံနဲ့မရဘူး။ ဘယ်လိုတန်ပြန်ကြမလဲ။ လက်တုံ့ပြန်ကြမလဲဆိုတာကို စဉ်းစားပြီး တန်ပြန်လုပ်ဆောင်စရာ နည်းလမ်းကိုရှာကြံကြရမယ်။ ဒါဟာ ရန်သူစိတ်ဓာတ်ချွတ်ခြုံကျစေမယ့် နည်းလမ်းဆိုရင် မလွဲမသွေကျင့်သုံးအပ်တယ်။ ကုလသမဂ္ဂမှာ အဆိုတင်နေရုံနဲ့မရ။ ကိုယ်တိုင်လည်း လက်တုံ့ပြန်ကြရမှာဖြစ်တယ်။ ရှေးခေတ်ကတော့ မြားထိပ်မှာ လောင်စာမီးရှို့ပြီး ပစ်ခတ်ကြရတာ။ အခုခေတ်ကတော့ ဒရုန်းတွေနဲ့ အလုပ်ဖြစ်နိုင်တယ်လေ။

စစ်ကြေညာပြီးရင်တော့ အနိုင်တိုက်ကြရမှာပဲ။ တရားနည်းလမ်းကျခြင်း မကျခြင်းနဲ့ ပြန်လည်ကုစားခြင်းတွေက စစ်နိုင်ပြီးရင် အကုန်လုပ်လို့ရတယ်။ ဆေးရုံကျောင်းနဲ့ အရပ်ဘက် ပြည်သူအဆောက်အုံတွေကိုတော့ မဖြစ်မနေ ရှောင်ကြရလိမ့်မယ်။ ဒီပွဲဟာ ‘အဆုံးသတ်တိုက်ပွဲနဲ့ အဆုံးအဖြတ်တိုက်ပွဲ’ပဲဖြစ်တယ်။ ကဲကိုယ်ဘယ်လောက် ပြင်ဆင်ပြီးပြီလဲ။ ကိုယ်က လက်တွေ့လုပ်ပြီး တပ်ဦးရှေ့တလှမ်းတက်လာနိုင်တာနဲ့ ပြည်သူအားလုံး ပါဝင်လာလိမ့်မယ်။ ကိုယ့်ဘက်က တိတိကျကျသေသေချာချာ ရပ်တည်လာလိမ့်မယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာလည်း အလိုလိုပျက်စီးသွားလိမ့်မယ်။

စစ်အာဏာရှင်အမြစ်ဖြတ်ရေးကို လိုလားသူတိုင်း ဒီအခြေအနေကို စောင့်နေကြတယ်ဆိုတာ ငြင်းလို့မရဘူး။ ကိုယ့်ဘက်က လက်တွေ့သက်သေပြချတာကို စောင့်နေကြလေရဲ့။ ပြည်သူလူထုအနေနဲ့ကလည်း စောင့်ကြည့်နေရုံနဲ့တော့ မရနိုင်ဘူး။ ကိုယ်တိုင် တတ်နိုင်တဲ့နည်းနဲ့ ပါဝင်ကြဖို့လိုတယ်။ ဒီနှစ်ပွင့်လင်းရာသီကတော့ မြန်မာ့နိုင်ငံရေး တခေတ်ဆန်းဖို့အတွက် စစ်ရေးအသာစီးရမှ ဖြစ်မှာပါ။ ဒါကြောင့် စစ်အာဏာရှင်အမြစ်ဖြတ်စစ်ပွဲအောင်မြင်ဖို့အတွက် ပြည်သူအများ တတပ်တအား ပါဝင်ကြပါရန် တိုက်တွန်းလိုက်ရပါကြောင်း။

အာဏာရှင်အမြစ်ဖြတ်တဲ့ တရားစစ်အောင်ပါစေ။

ဂန္ထဝင်မောင်တူး

(သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024