DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြောင်းရွှေ့ပြီး ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ညဉ်းပန်းနှိပ်စက်နေ
DVB
·
October 15, 2022
စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြောင်းရွှေ့ပြီး  ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ညဉ်းပန်းနှိပ်စက်နေ
Donate to DVB

စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင်နေရာတွေပြောင်းရွှေ့ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးစလုံးကို အကြမ်းဖက်နေတယ်လို့  လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ 

အောက်တိုဘာ ၈ ရက် မနက် ၄ နာရီဝန်းကျင်အချိန်က မန္တလေး အိုးဘိုထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့တာတွေပြုလုပ်ခဲ့ပါတယ်။ 

အိုးဘိုထောင်နဲ့နီးစပ်သူတွေရဲ့ပြောဆိုချက်တွေအရ နိုင်ငံရေးအကျဉ်းသား ၁၂၀ ဝန်းကျင်ကို သံခြေချင်းခတ်ပြီး ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် တောင်လေးလုံးထောင်ကို ရွှေ့ပြောင်းတာလို့ သိရပါတယ်

ရွှေ့ပြောင်းခံရတဲ့အကျဉ်းသားတွေထဲမှာ တိုက်ပိတ်ခံထားရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ သပိတ်ခေါင်းဆောင်တွေ ပါဝင်ခဲ့ပါတယ်။ 

အိုးဘိုထောင်ထဲမှာ စက်တင်ဘာလအစောပိုင်းက နိုင်ငံရေးအကျဉ်းသားတွေက အစာငတ်ခံဆန္ဒပြခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ပြီးနောက်ပိုင်း အခုလိုထောင်ပြောင်းရွှေ့တဲ့သတင်းတွေ ထွက်ပေါ်လာတာပါ။

မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေးက "ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ညဉ်းပန်းနှိပ်စက်တယ်။ အဲ့ဒီထက်ဆိုးရင် သတ်ဖြတ်တယ်ပေါ့နော်။ သူကတော့ အာဏာရှင်စရိုက်ကို ပီပီပြင်ပြင် သရုပ်ဖော်နေတာပေါ့နော်။ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ကတော့ အကျဉ်းထောင်တွေထဲမှာ သေသလားရှင်သလားမသိရဘူး။ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိနေလဲမသိရဘူး။ ဘယ်ကိုရွှေ့လိုက်တယ်ဆိုတာမသိရဘူး။ ဘယ်မှာဘယ်လို နေနေရတယ်ဆိုတာ မသိရဘူး။ ဒါတွေအကုန်လုံးက အာဏာရှင်ရဲ့လူ့အခွင့်အရေးကို စနစ်တကျချိုးဖောက်တဲ့ ဆိုးကျိုးကနေလွတ်မြောက်ဖို့ အား နှစ်ဆထပ်တင်ပါ။ အားပိုစိုက်ပါ။ ဒီထက်ပိုပြီးတော့မှ ဝိုင်းဝန်းကြိုးစားပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။"လို့ ပြောပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ CDM ဝန်ထမ်းတွေအပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ကို စစ်ကောင်စီက အလုပ်ကြမ်းတွေစေခိုင်းပြီး အကြမ်းဖက်ရိုက်နှက်တာတွေပြုလုပ်နေတယ်လို့ အောက်တိုဘာလဆန်းပိုင်းမှာ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

အာဏာသိမ်းကာလအတွင်း စစ်တပ်နဲ့အပေါင်းပါတွေရဲ့ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ ၂၃၀၀ ကျော်အထိရှိခဲ့ပါတယ်။ ဒါ့အပြင် မိသားစုနဲ့ အဆက်အသွယ်ပြတ်ပြီး စာရင်းပျောက်နေတဲ့လူငယ်တွေ၊ ဘယ်အကျဉ်းထောင် ဘယ်စစ်ကြောရေးကို ရောက်နေတယ်ဆိုတာ သတင်းမရတဲ့ပြည်သူတွေလည်း အများအပြားရှိနေခဲ့တာပါ။ 

ဖမ်းဆီးထိန်းသိမ်းခံရသူတွေဟာ ရဲစခန်းမှာ ဖမ်းဆီးခံရစဉ် ငွေညှစ်ခံရတာ၊ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရတာတွေရှိနေသလို  ဥပဒေရဲ့အကာအကွယ်ကိုမရကြဘဲ စစ်ကောင်စီရဲ့ စီမံချင်သလိုစီမံပြီး တရားစွဲဆိုထောင်ချတာတွေကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုတာခံရသူ ၁၂၆၀၀ ကျော်အထိရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အောက်တိုဘာလ ၁၄ ရက်နေ့အထိ မှတ်တမ်းအရ သိရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013