DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်က သတင်းသမားများကို ထင်ရာမြင်ရာ ဥပဒေဖြင့် ထောင်ချနေ
DVB
·
October 15, 2022
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်က သတင်းသမားများကို ထင်ရာမြင်ရာ ဥပဒေဖြင့် ထောင်ချနေ
Donate to DVB

မြန်မာစစ်အာဏာရှင်ဟာ သတင်းထောက်တွေကို ခြိမ်းခြောက်တဲ့အနေနဲ့  ထင်ရာမြင်ရာ ဥပဒေတွေနဲ့ထောင်ချ နေတယ်လို့ အမေရိကန်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ကပြောကြားလိုက်ပါတယ်။

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူကူဘိုတာကို အောက်တိုဘာ ၁၂ ရက် က အင်းစိန်အကျဥ်းထောင်ရှိ စစ်ကောင်စီလက်အောက်ခံ အထူးတရားရုံးကနေ လဝကဥပဒေနဲ့ ထောင်ဒဏ် ၃ နှစ် ထပ်ချလိုက်ပြီး စုစုပေါင်းပေါင်း ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တဲ့ အပေါ်မှာ  CPJ က တုံ့ပြန်လိုက်တာပါ။

မစ္စတာ တိုရူကူဘိုတာကို ထောင်ဒဏ် ၁၀  နှစ်ချမှတ်လိုက်တာဟာ  တရားလွန်လွန်းပြီး မတော်တရော်ဖြစ်တယ်လို့ CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ကိုယ်စားလှယ် အကြီးတန်းအရာရှိ ရှောင်ခရစ်ပင်က ပြောပါတယ်။

“မြန်မာစစ်အာဏာရှင်က သူ့ရဲ့ ရာဇဝတ်မှုတွေနဲ့ မတရားမှုတွေအကြောင်း သတင်းလုပ်ရင် ထင်ရာမြင်ရာ စိတ်ကူးပေါက်တဲ့ ဥပဒေတွေနဲ့ ထောင်ချခံရမယ်လို့ နိုင်ငံခြားသတင်းထောက်တွေအားလုံးကို ခြိမ်းခြောက်တဲ့သတင်းစကား တမင်တကာ ပါးလိုက်တာဖြစ်တယ်။”

စစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာတွေဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပြီး အောက်တိုဘာ ၇ ရက်က သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို အင်းစိန်အကျဥ်း ထောင်အထူးတရားရုံးကနေ ပုဒ်မ ၅၀၅(က)နဲ့ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပါတယ်။

သူနဲ့အမှုတွဲဖြစ်တဲ့ BBC Media Action  အစီအစဉ်တင်ဆက်သူ ဒေါ်ထက်ထက်ခိုင်ကိုလည်း  ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်က အင်းစိန်အကျဥ်းထောင်တွင်း အထူးတရားရုံးက ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအဖမ်းခံထားရတဲ့ သတင်းသမား ၁၄၂ ယောက်ရှိပြီး ဒီအထဲက  ၅၇ ယောက်ဟာ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးတရားစွဲဆိုတာကို ခံထားရဆဲဖြစ်ပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဒီဗွီဘီအပါအဝင် သတင်းမီဒီယာ ၁၂ ခုထက်မနည်း ပိတ်သိမ်းခဲ့ပြီး လွတ်လပ်တဲ့မီဒီယာတွေဆက်ပြီး မရှင်သန်နိုင်အောင် ဖိအားပေးခြိမ်းခြောက်တာ တွေလည်းပြုလုပ်ခဲ့သလို ရာနဲ့ချီတဲ့သတင်းသမားတွေကို နိုင်ငံထဲကနေ ထွက်ပြေးအောင်ဖိအားပေးခဲ့ပါတယ်။

Mizzima Media (အမှုဆောင်အယ်ဒီတာ) ဦးစိန်ဝင်းက "အာဏာသိမ်းစစ်အုပ်စုက သတင်းသမားတွေကို ကြောက်တယ်။ မဟုတ်တာလုပ်ထားတဲ့သူတွေဖြစ်တော့ သတင်းသမားတွေသိမှာ ဖော်ထုတ်မှာ ကြောက်ပြီးတော့ လိုက်ဖမ်းတာတွေလုပ်တယ်။ ဆိုင်ဆိုင် မဆိုင်ဆိုင် အမှုအမျိုးမျိုးတပ်တယ်။ ထောင်ချတယ်။ လွတ်လပ်တဲ့သတင်းမီဒီယာတွေကို နေလို့မရအောင် အလုပ်လုပ်လို့မရအောင်လုပ်တယ်။ ဒါပေမဲ့ သူတို့မအောင်မြင်ပါဘူးဗျာ။ ဒီခေတ်မှာ ဆက်သွယ်ရေးဟာ ကမ္ဘာနဲ့ ဖြန့်ကျက်နေတဲ့အခါကြတော့ သတင်းတွေ မစီးဆင်းအောင်ပိတ်ဆို့လို့မရပါဘူး။ သတင်းသမားတွေ သတင်းမီဒီယာတွေကတော့ ဆက်ပြီးလုပ်နေတာပါပဲ။ သတင်းသမားတွေဟာ အမှန်တရားကိုဆက်ပြီးရှာဖွေတယ်။ ရှာဖွေဖော်ထုတ်ပေးချင်တဲ့စိတ်က သံတိုင်တွေနဲ့တားဆီးလို့မရပါဘူး။"လို့ ပြောပါတယ်။

နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေအနေနဲ့   ဖမ်းဆီးခံသတင်းသမားတွေ အပါအဝင် ဆက်လက်ရပ်တည်နိုင်ဖို့ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေကြရတဲ့ မြန်မာပြည်က သတင်းသမားတွေကို ကူညီပေးဖို့လိုအပ်နေတယ်လို့ သတင်းမီဒီယာသမားတွေက ပြောပါတယ်။

မြန်မာပြည်တွင်းမှာ စစ်ကောင်စီကို ထောက်ခံတဲ့သူတချို့ကလွဲပြီး သတင်းသမားအများစုဟာ တော်လှန်ရေးဘက်က နေရပ်တည်နေတာဖြစ်တယ်ဆိုတာကို ပြည်သူတွေက အမြင်ရှင်းပြီးထောက် ခံအားပေးမှုလိုအပ်နေတယ်လို့ Myanmar Pressphoto Agency အယ်ဒီတာ ကိုဂျေပိုင်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်တယ်လို့ သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။ 

စစ်အာဏာရှင်အနေနဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ သတင်းသမားတွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ သတင်းသမားတွေကို မတရားဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေကို ရပ်တန့်ဖို့တောင်းဆိုတာတွေပါဝင်တဲ့ ဆုံးဖြတ်ချက်တရပ်ကို  ဥရောပ ပါလီမန်က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဆုံးဖြတ်ချက်တရပ် ချမှတ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013