
အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) ရဲ့ ဗဟိုကော်မတီဝင် တဦးဖြစ်သူ ဆရာမ ဒေါ်သက်ဆုလှိုင်ကို အောင်မြေသာစံမြို့နယ် စစ်ကောင်စီ တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် မျက်ကွယ် အမိန့် ထပ်မံချမှတ်လိုက်ပါတယ်။
ဆရာမ ဒေါ်သက်ဆုလှိုင်ကို ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုကာ တရားရုံးမှာ ရုံးမထုတ်ဘဲ မျက်ကွယ်အမိန့်ချခဲ့တာဖြစ်ပြီး ဘယ်နေ့က အမိန့်ချခဲ့တယ်ဆို မိသားစုဝင်တွေ အတိအကျမသိရဘူးလို့ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) က သတင်းထုတ်ပါတယ်။
ဩဂုတ် ၁၇ ရက်ကလည်း ဆရာမ ဒေါ်သက်ဆုလှိုင်ကို ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ် ၅ နှစ် မျက်ကွယ်အမိန့်ချခဲ့ပါသေးတယ်။
ဆရာမဒေါ်သက်ဆုလှိုင်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၀ ညပိုင်းက မန္တလေးမြို့ရှိ နေအိမ်တခုမှာ BEGSC ဗဟိုကော်မတီဝင် ဆရာနောင်ထက်အောင်၊ ဆရာနိုင်းသီဟကျော်နဲ့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (MUSU) က ကိုရန်စိုးပိုင်တို့နဲ့အတူ စစ်ကောင်စီက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဆရာမ ဒေါ်သက်ဆုလှိုင်နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဆရာနိုင်းသီဟကျော်ကိုလည်း ဩဂုတ် ၁၇ ရက်က ပုဒ်မ ၅၂ (က) အတွက် ထောင်ဒဏ် ၅ နှစ်နဲ့ ဩဂုတ် ၁၁ ရက်က ပုဒ်မ ၅၀၅(က) အတွက် ထောင်ဒဏ် ၃ နှစ် မျက်ကွယ် အမိန့်ချမှတ်ခဲ့ပါတယ်။
ဒါ့အပြင် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (MUSU) အဖွဲ့ဝင် ကိုရန်စိုးပိုင်ကိုလည်း မဟာအောင်မြေတရားရုံးက တရားလိုစစ်ဆေးတာတွေ စွဲချက်တင်တာတွေမလုပ်ဘဲ ပုဒ်မ ၅၀၅(က) နဲ့ မျက်ကွယ် ထောင်ဒဏ် ၃ နှစ် အမိန့် ချမှတ်ခဲ့ပါတယ်။