စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက် ဘိုးဘွားရိပ်သာအနီးမှာ အောက်တိုဘာ ၁၄ ရက် ညနေ ၆ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားတစီး လက်ပစ်ဗုံးနဲ့ပစ် တိုက်ခိုက်ခံခဲ့ရပါတယ်။
ဒေသခံကာကွယ်ရေတပ်ဖွဲ့က လက်ပစ်ဗုံး တလုံးနဲ့ DC ကားအတွင်းပစ်ထည့်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား သုံးယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
မြန်မာ့တော်ဝင်နဂါးတပ်တော် ( MRDA ) တပ်ရင်း ၆ မုံရွာတပ်ခွဲမှ အဖွဲ့ဝင်တစ်ဦးက "ကားအတွင်းထဲ တည့်တည့်ရောက်ပြီး ကွဲတယ်ဗျ။ အဲ့ဒီနားကနေ လာသမျှ ပြည်သူကို အကြောင်းမရှိအကြောင်းရှာ စစ်ဆေးရေးဆိုပြီး ခေါင်းစဉ်တပ် ငွေညှစ်နေတဲ့ကောင်တွေ။ သုံး ယောက်သေတယ်လို့ ကနဦးသိထားတယ်။ ဒဏ်ရာရသွားတဲ့ကောင်တွေလည်းရှိတယ်"လို့ ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) တပ်ရင်း ၆ မုံရွာတပ်ခွဲ (၁) ၊ နွေဦးသစ္စာပျောက်ကျားတပ်ဖွဲ့ ၊ Nation People Defence Force ၊ Monywa Generation တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
အောက်တိုဘာ ၉ ရက်ကလည်း မုံရွာမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲရှေ့ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား နှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရွှေဘိုခရိုင်၊ ခင်ဦးမြို့ပေါ်မှာလည်း အောက်တိုဘာ ၁၄ ရက်က စစ်ကောင်စီတပ်ကို ဒေသခံပြည်သူကာကွယ်ရေးတပ် ၈ ဖွဲ့ ပူးပေါင်းပြီး ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲတွေထံ ကနေသိရပါတယ်။
ခင်ဦးမြို့ထိပ် မူးဘောင်စစ်ဆေးရေးဂိတ်၊ မြို့နယ်မှူးရုံးနဲ့ မြို့လယ် ဗိုလ်ချုပ်ကြေးရုပ်နား ကင်းပုန်းဝပ်နေတဲ့ စကစတွေကို ဒရုန်း ၃ စီးနဲ့ ဗုံး ၆ လုံး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပေမဲ့ စစ်ကောင်စီဘက်က သေဆုံးစာရင်းကို အတိအကျ မသိရဘူးလို့ ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင် တဦးက ပြောပါတယ်။
ခင်ဦးမြို့နယ်အနောက်ခြမ်း ရွာသစ်ကုန်းရွာနဲ့ အင်းပတ်ကွေ့မှာ တပ်ဆွဲထားတဲ့ ပျူစောထီးနဲ့ စစ်သားအင်အား ၄၀ လောက်ကကလည်း အင်တိုင်းလေးတောင်ရွာ၊ အင်တိုင်းလေးမြောက်ရွာနဲ့ ကားဆိပ်ရွာအနီး မူးမြစ်အရှေ့ဘက်ကမ်းတဝိုက်မှာ ဒေသခံ တချို့ကို ဖမ်းဆီး စစ်ဆေးနေပါတယ်။