DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၃၅၆ ဦးထိ ရှိလာ
DVB
·
October 15, 2022
စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၃၅၆ ဦးထိ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၃၅၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၈၅၃ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၆၅၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၅၄၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၄ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၆ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၁၇၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၈၀ ခုထက်မနည်း ရှိခဲ့ တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့မှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့  နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ မနှင်းနုနုလွင်ဟာ မန္တလေးမြို့မှာ တိမ်းရှောင်နေချိန် အောက်တိုဘာ ၁၀ ရက်ညပိုင်းက သူ့ ရဲ့မိတ်ဆွေ အိမ်ပိုင်ရှင်အမျိုးသမီး ၂ ယောက်နဲ့အတူ ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့ ၃ ယောက်ကို ဘယ်နေရာမှာ ချုပ်နှောင်ထားတယ် ဆိုတာကို သိရှိရခြင်း မရှိသေးကြောင်းနဲ့ မနှင်းနုနုလွင်ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပြီး ဆန္ဒပြလူငယ်တွေကို ကူညီ ထောက်ပံ့ပေးခဲ့တာကြောင့် အကြမ်းဖက်စစ်အုပ်စုက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလကတည်းက အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်ခံထားရသူ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်က စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ငှက်ပျောတောကျေးရွာအနီး တောင်ယာခင်းမှာ နွားကျောင်းနေတဲ့ ဒေသခံ ၃ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲ ကာ စစ်သားတွေနဲ့ ပျူစောထီးတွေက ဖမ်းဆီးသွားခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ကလေး ၁ ယောက်ကို ပြန်လွှတ်ပေးခဲ့ကာ ၂ ယောက်ကို ကျောက်အိုင်ကျေးရွာမှာ လက်ပြန် ကြိုးတုပ်ပြီး သေနတ်နဲ့ ပစ်သတ် ခဲ့တယ်လို့ သိရပါတယ်။ သတ်ဖြတ်ခံခဲ့ရတဲ့ လူငယ် ၂ ယောက်ထဲက ၁ ယောက်ကတော့ ငှက်ပျောတောကျေးရွာမှ ကိုကျော်ထက်ဖြစ်တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013