
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်းစစ်တပ်က ထောင်ဒဏ် ထပ်တိုးချမှတ်လိုက်တဲ့ ပြစ်ဒဏ်အသစ်အပေါ် ပြင်သစ်နိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချလိုက်ပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် ထပ်မံတောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်က တရားဥပဒေကို ရည်ရွယ်ချက်ရှိစွာ နိုင်ငံရေး၊ ပါတီစွဲအရ အသုံးပြုတာကိုလည်း ရှုတ်ချကြောင်းနဲ့ အခုပြစ်ဒဏ်အသစ်ဟာ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားသွားစေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်သိက္ခာမဲ့စွာ သိက္ခာချကာ အရပ်သားခေါင်းဆောင်ကို နိုင်ငံရေးကနေ အပြီးအပိုင် ဖယ်ရှားပစ်ဖို့အတွက် အာဏာသိမ်းစစ်အုပ်စုရဲ့ သဘောထားဆန္ဒကို ပြသလိုက်တာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၂ ခုအတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ ရုံးချိန်းမှာ ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်လိုက်တာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ လှူဒါန်းခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့စွပ်စွဲပြီး ထောင်ဒဏ် ထပ်မံချမှတ်လိုက်တာပါ။
တမှုကို ၃ နှစ်နဲ့ နှစ်မှုအတွက် ၆ နှစ် ထောင်ဒဏ်ချမှတ်ခဲ့ပေမဲ့ တရားရုံးက အမှု ၂ ခုအတွက် ထောင်ဒဏ်ကို တပေါင်းတည်းကျခံစေခဲ့တဲ့အတွက် စုစုပေါင်း ထောင်ဒဏ် ၃ နှစ် ကျခံရမှာဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီ စွဲဆိုထားတဲ့ အမှုတွေထဲက ၁၂ မှုအတွက် တရားရုံးက ကနဦးထောင်ဒဏ် ၂၃ နှစ် ချမှတ်ထားတာကြောင့် အခုအမှုတွေနဲ့ပေါင်းရင် ကျခံရမယ့်ထောင်ဒဏ်ဟာ ၂၆ နှစ်အထိ ရှိလာပါတယ်။
စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာကတည်းက နိုင်ငံ့ခေါင်းဆောင်တွေကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာ NLD အစိုးရ ခေါင်းဆောင်တွေနဲ့ ပါတီခေါင်းဆောင်တွေကို စစ်ကောင်စီက ဆက်တိုက်ထိန်းသိမ်း တရားစွဲဆိုခဲ့ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
အာဏာစသိမ်းတုန်းက ရွေးကောက်ပွဲ မဲစာရင်းမှားတယ်လို့ စစ်ကောင်စီက အကြောင်းပြခဲ့ပေမဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးတရားစွဲဆို ထောင်ချရာမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အမှုတွေ အဓိကမပါဝင်ခဲ့ဘဲ အဂတိလိုက်စားမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုတွေသာ အဓိကဖြစ်ခဲ့တာကို တွေ့ရပါတယ်။
၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့အမှု စုစုပေါင်း ၁၉ မှုရှိခဲ့ပြီး အဂတိအမှု ၁၂ မှု အပါအဝင် ကိုဗစ်စည်းကမ်း ဖောက်ဖျက်မှု၊ ဆက်သွယ်ရေးဥပဒေ၊ လျှို့ဝှက်ချက်ပေါက်ကြားမှု၊ ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှု၊ ဆူပူအောင်လှုံ့ဆော်မှု၊ ပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပြည်သူတွေ သဘာဝဘေးကြုံတဲ့အခါ အသုံးပြုဖို့ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်တဲ့ အဂတိအမှု ၅ မှုကို ဆက်လက်ရင်ဆိုင်ဖို့ ကျန်နေပြီး အဂတိအမှုတွေဟာ တမှုကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး ထုတ်ပြန်ချက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရသူ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ အာဆီယံအထူးသံတမန်ရဲ့ လုပ်ဆောင်ချက်အတွက် ထောက်ခံမှုအပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ပြင်သစ်နိုင်ငံက ဆက်လက် ထောက်ခံတယ်လို့ ဖော်ပြပြီး အကျပ်အတည်းကို အဆုံးသတ်ဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ ဖော်ဆောင်တာဟာ မရှိမဖြစ်လိုအပ်တဲ့ အခြေအနေတခုဖြစ်တယ်လို့ ဆိုပါတယ်။