Home
မြန်မာသတင်း
အကြမ်းဖက်စစ်ကောင်စီက သီးခြားဖိတ်ထားသဖြင့် အန်စီအေ ၇ နှစ်ပြည့် ပွဲတက်ရဟု PPST ကြေညာ
DVB
·
October 14, 2022

လူပုဂ္ဂိုလ်နဲ့ ခေါင်းဆောင်ကြီးတွေကို သီးခြားဖိတ်ကြားထားတဲ့အတွက် စစ်ကောင်စီဖိတ်ခေါ်ထားတဲ့  အန်စီအေ  (၇) နှစ်ပြည့် အခမ်းအနားသွားတက်ရတာလို့ အပစ်ရပ်တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (  PPST) က  အောက်တိုဘာ ၁၄ ရက် ဒီကနေ့  ကြေညာပါတယ်။ 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်စတင်ရေးထိုးခဲ့တဲ့   (၇) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို စစ်ကောင်စီက မနက်ဖန် အောက်တိုဘာ ၁၅ ရက်မှာ ကျင်းပဖို့ရှိနေရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က နေပြည်တော်ကို သွားရောက်နေတာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး PPST က ထုတ်ပြန်ကြေညာရာမှာ “အန်စီအေ  (၇) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ကိုယ်တိုင်ပါဝင် လက်မှတ်ရေးထိုးထားကြတဲ့ လူပုဂ္ဂိုလ်၊ ခေါင်းဆောင်ကြီးတွေကို သီးခြားဖိတ်ကြားတာ၊ အဖွဲ့အစည်းအလိုက် သီခြားဖိတ်ကြားထားတာကြောင့် PPST အဖွဲ့ဝင်တွေအနေနဲ့  အန်စီအေ အထိမ်းအမှတ် ဂုဏ်ပြုပွဲကို ပါဝင်တက်ရောက်ဖို့ လိုအပ်တဲ့အတွက် တက်ရောက်ရတာဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။

အန်စီအေဟာ ပြည်တွင်းစစ်ကို ဦးတည်နေတဲ့ လက်ရှိ အကြမ်းဖက် ပဋိပက္ခတွေကို ရပ်စဲ လျော့နည်းစေပြီး နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေး အခြေခံအပေါ် ပြည်သူလူထု အများစု လိုလားတောင့်တာနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ပြန်လည် အစပျိုးတည်ဆောက်ဖို့ လမ်းစဖြစ်တယ်လို့ ယုံကြည်ကြောင်းလည်း PPST ကဆိုပါတယ်။

PPST ဟာ မူလအန်စီအေ ပြဋ္ဌာန်းချက်တွေကို အပြည့်အဝ အကောင်အထည်မဖော်နိုင်တော့တဲ့အတွက် ပြည်သူလူထုတွေကို အကျပ်အတည်းတွေကနေ လွတ်မြောက်နိုင်စေဖို့ အန်စီအေရဲ့ အခြေခံမူ သုံးချက်ဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ သက်ဆိုင်သူအားလုံးပါဝင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်မြောက်ဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့ဆိုတဲ့ အချက်တွေကို အခုအချိန်အထိ ကြိုးပမ်းအကောင် အထည်ဖော်နေတယ်လို့ဆိုပါတယ်။ 

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရမယ်လို့ PPST ကဆိုနေပေမဲ့  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ရွေးကောက်ခံ အရပ်သားအစိုးရထံကနေ စစ်တပ်က လက်နက်အားကိုးနဲ့ နိုင်ငံတော်အာဏာကို တရားမဝင် အာဏာသိမ်းယူခဲ့ပြီး  ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကိုလည်း ရက်ရက်စက်စက် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း နည်းမျိုးစုံနဲ့ စစ်အာဏာရှင်ဆန့်ကျင်သူတွေကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်၊ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီး အပြစ်မဲ့ပြည်သူတွေ ကျောင်းသားကလေးငယ်တွေကို လေယာဉ်တွေနဲ့ ဗုံးကြဲ ပစ်ခတ်သတ်ဖြတ်နေတာဖြစ်ပါတယ်။ 

တဖက်မှာလည်း စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နေပြည်တော်မှာ ဖိတ်ခေါ်ပြီး ၂ ကြိမ်တိုင်တွေ့ဆုံ ငြိမ်းချမ်းရေးဆွေးနွေးနေပါတယ်။

စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကိုတော့  စစ်တပ်နဲ့ တိုက်ပွဲတွေ မဖြစ်တာ ဆယ်စုနှစ်တွေနဲ့ ချီရှိနေပြီဖြစ်တဲ့  လက်နက်ကိုင်အဖွဲ့တချို့သာ တက်ရောက်နေကြတာဖြစ်ပြီး  ကေအန်ယူ၊ ကေအန်ပီပီ၊ ကေအိုင်အေ၊ အေအေ၊ စီအန်အက်ဖ် စတဲ့ လက်ရှိစစ်ကောင်စီတပ်တွေနဲ့ အဓိကတိုက်ပွဲတွေဖြစ်နေတဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့  စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အယုံအကြည်မရှိလို့ တက်ရောက်ခြင်းမရှိပါဘူး။

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ကတစ်ဘက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၈ ဖွဲ့က တစ်ဖက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)ကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး ၂၀၁၈ ဖေဖော်ဝါရီ ၁၃ ရက်မှာ  မွန်ပြည်သစ်ပါတီ MNSP နဲ့ လားဟူလက်နက်ကိုင်အဖွဲ့(LDU) တို့ထပ်မံပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် စုစုပေါင်း အန်စီအေ လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့ရှိပါတယ်။ အခု  ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ အန်စီအေ သက်တမ်း  ၇ နှစ်ပြည့်အ ထိမ်းအမှတ်အခမ်းအနားကို အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်မှာ ကျင်းပဖို့ရှိပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင် ဗွီဒီယိုက တဆင့် မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024