
ရခိုင်ပြည်နယ်၊ မောင်တောမြို့က အေအေတပ်ဖွဲ့ဝင်တွေ အခြေစိုက်ရာ ဖားဝပ်ချောင်း ကျေးရွာမှာ အောက်တိုဘာ ၁၃ ရက် နေ့လယ်က ရွာသူရွာသားတွေကို စစ်ကောင်စီတပ်က နှင်ထုတ်ကာ နေအိမ်တွေကို စစ်ဆေးပြီးနောက် ရွာအပြင်က လူမနေတဲ့ နေအိမ်နှစ်လုံးကို မီးရှို့လိုက်တယ်လို့ ဖားဝပ်ချောင်းဒေသခံတွေက အတည်ပြု ပြောပါတယ်။
ဖားဝပ်ချောင်းကျေးရွာသားတယောက်က “ကျနော်တို့ ရွာသူ ရွာသားတွေကို စစ်ကြောင်းက ဘုန်းကြီးကျောင်းကို ပြောင်းနေကြဖို့ပြောတယ်။ ရွာသူ ရွာသားတွေလည်း ဘုန်းကြီးကျောင်းကို ထွက်သွားကြတော့ ရွာကနေအိမ်တွေကို သူတို့စိတ်ကြိုက် စစ်ဆေးမှုတွေလုပ်ပြီး ရွာပြင်က လူမနေတဲ့ နေအိမ် ၂ လုံးကို မီးရှို့သွားကြတယ်” လို့ ပြောပါတယ်။
အခုလို ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ရှောင်တခင် ဝင်ရောက်စစ်ဆေးတာကြောင့် တခြားကျေးရွာတွေက ဒေသခံတွေလည်း စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ စစ်ရေးလေ့လာသူတွေက “ဖားဝပ်ချောင်းက အေအေဘက်က စစ်ဆေးရေးဂိတ်တွေတောင် ဖွင့်ခဲ့တာ။ အခု စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ရွာကို စစ်ချင်သလိုစစ်တယ်၊ လူမနေတဲ့ နေအိမ်တွေကို မီးရှို့တယ်ဆိုတော့ စစ်ကောင်စီက နယ်မြေတွေကို လက်လွတ်မပေးတဲ့သဘော တွေ့နေရတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်ကလည်း အေအေတပ်ဖွဲ့ဝင်တွေ စုဝေးလှုပ်ရှားရာ ေမာင်တောမြောက်ပိုင်းက ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီအင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကြောင်းတခု ရွာကိုဝင်ရောက်စစ်ဆေးပြီး အနီးအနား တောင်ကုန်းတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်ဝင်ရောက်ခဲ့ပါသေးတယ်။
လက်ရှိမှာတော့ ဖားဝပ်ချောင်း ရွာသူရွာသားတွေဟာ ဘုန်းကြီးကျောင်းကနေ မိမိနေအိမ်တွေကို ပြန်လည်ရောက်ရှိနေကြသလို စစ်ကောင်စီတပ်ကလည်း တရွာလုံးကို ဝိုင်းထားတယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။