DVB Logo
Home
မြန်မာသတင်း
တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကိုအသုံးပြုပြီး စစ်အာဏာရှင်ကို မဖြစ်မနေ အပြစ်ပေး အရေးယူရန် သံအမတ်ကြီး တောင်းဆို
DVB
·
October 14, 2022
တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကိုအသုံးပြုပြီး စစ်အာဏာရှင်ကို မဖြစ်မနေ အပြစ်ပေး အရေးယူရန် သံအမတ်ကြီး တောင်းဆို
1 / 2
Donate to DVB

စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အာဏာရှင်တွေကို တကမ္ဘာလုံးဘယ်တရားရုံးမှာမဆို တရားစီရင်နိုင်ဖို့ အင်အားစိုက်ကြိုးပမ်းမှု အားလုံးကို ကြိုဆိုကြောင်းနဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖြစ်နိုင်တဲ့နည်းလမ်းနဲ့ မဖြစ်မနေ အပြစ်ပေးအရေးယူကာပြစ်ဒဏ်ချမှတ်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၁၂ ရက်က နယူးယောက်မြို့မှာကျင်းပတဲ့  (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဆဋ္ဌမကော်မတီမှာ  တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal jurisdiction)နဲ့ ပတ်သက်ပြီး နိုင်ငံအလိုက်ဆွေးနွေးခဲ့ရာမှာ  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့တာပါ။  

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပြီး မလိုလားအပ်တဲ့ ဒုက္ခတွေ ပြည်သူတွေကြုံတွေ့နေရကြောင်း၊ လူမဆန်တဲ့ စစ်တပ်အနေနဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပါအဝင် နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေနဲ့ လူ့အခွင့်အရေးတွေလည်း အဆက်မပြတ် ကျူးလွန်နေကြောင်း သံအမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူနဲ့ IIMM တို့အနေနဲ့ စစ်တပ်ကျူးလွန်ထားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို  အစီရင်ခံစာတွေမှာ တိတိပပထည့်သွင်း‌ ဖော်ပြထားသလို ဆိုးရွားနေတဲ့ ပြည်တွင်း အခြေအနေကို မြန်မာပြည်သူတွေကလည်း ကြိမ်ဖန်များစွာ ကျယ်လောင်စွာအသံပြုကာ ထုတ်ဖော်ပြောကြားနေပေမဲ့ နိုင်ငံတကာအသိုက်အဝန်းထံက အရေးယူဆောင်ရွက်မှုနဲ့ အကူအညီတွေမရဘဲ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေလည်း ပေါ်ထွက်လာခြင်း မရှိသေးဘူးလို့ သံအမတ်ကြီးကပြောပါတယ်။

ဒါကြောင့် ကြီးလေးတဲ့ ရာဇဝတ်မှုတွေဟာ နိုင်ငံတစ်နိုင်ငံတည်းကိုသာမက ဒေသတွင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကိုပါ ထိခိုက်စေပြီး စိုးရိမ်ရတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်ပေါ်စေပါက ဘယ် တရားရုံးမှာမဆို တရားစီရင်နိုင်တဲ့  တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်ပယ်နဲ့ အခြေခံ သဘောတရားကို အသုံးချမှုကို ဖော်ဆောင်နိုင်တာက အလွန်သင့်လျော်ကောင်းမွန်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီလို အရေးပါတဲ့ အပြည်ပြည်ဆိုင်ရာယန္တရားတစ်ခုအနေနဲ့ အပြစ်မဲ့ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်မှုအန္တရာယ်ကနေ အကာအကွယ်ပေးဖို့ တိကျပြတ်သားတဲ့ အရေးယူဆောင်ရွက်ချက်တွေ မချမှတ်နိုင်ပါက ဘယ်တရားရုံးမှာမဆို တရားစီရင်နိုင်တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် သဘောတရားအသုံးချမှုကို အထူးလိုအပ်ကြောင်းနဲ့ ဒီသဘောတရားကို အသုံးပြုကာ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ မြန်မာပြည်သူတွေ မလိုလားတဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုကျူးလွန်သူ စစ်အာဏာရှင်တွေကို တရားစီရင်နိုင်ဖို့ အင်အားစိုက်ထုတ်နေကြတဲ့ ကြိုးပမ်းမှု အားလုံးကို ကြိုဆိုတယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂမှာပြောကြားခဲ့တာပါ။

အောက်တိုဘာ ၁၂ ရက်က  (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာရေး)မှာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးရာမှာလည်း မြန်မာနိုင်ငံဟာ အရပ်သားအစိုးရလက်ထက်မှာ ဆင်းရဲမွဲတေမှုလျော့ချရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်းနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် အခုအခါ ပြည်သူတွေ အစားအစာရှားပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ကုလသမဂ္ဂ ကိန်းဂဏန်းအရ မြန်မာနိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့  လူဦးရေ ၁၁ သန်းလောက်ဟာ  အစားအစာ မလုံလောက်မှု ပြဿနာကို ရင်ဆိုင်နေရပြီး မြန်မာလူဦးရေ ၁၄ သန်းလောက်က လူသားချင်းစာမှုအကူအညီတွေလိုအပ်နေကာ ၁ ဒသမ ၃ သန်းကတော့ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရလို့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာပြောကြားသွားပါတယ်။

Photo-Permanent Mission Myanmar

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013