
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ရွှေချိန် ၁၂ ပိသာကျော် ရောင်းချပေးပြီးဖြစ်တယ်လို့ ကြေညာထားပေမဲ့လည်း ပြင်ပစျေးကွက်မှာ ရွှေစျေးက ကျပ် ၂၇ သိန်းဝန်းကျင်အထိ ပြန်လည်မြင့်တက်လာတာ တွေ့ရပါတယ်။
YGEA က ရွှေမရောင်းချမီ အောက်တိုဘာ ၁၁ ရက်က ပြင်ပစျေးကွက်မှာ အကယ်ဒမီမီးလင်းရွှေ တကျပ်သားကို ကျပ် ၂၆ သိန်းဝန်းကျင်ရှိခဲ့ပြီး ဒီကနေ့ အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းမှာ ရွှေတကျပ်သားကို ၂,၆၈၀,၀၀၀ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ စျေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
YGEA ရဲ့ ဦးဆောင်မှုနဲ့ အသင်းဝင်တွေရဲ့ ရွှေ ၁၂ ဒသမ ၇၇ ပိသာကို အောက်တိုဘာ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ကုန်စင်အောင် ရောင်းချပေးပြီးဖြစ်တာကြောင့် လက်ကျန်ပစ္စည်း မရှိတော့ကြောင်း အလုပ်အမှုဆောင်အဖွဲ့က အသိပေးကြေညာထားပြီး ထပ်မံရောင်းချပေးမယ့်ရက်ကို အသိပေးကြေညာမယ်လို့ ထုတ်ပြန်ထားတာပါ။
အသင်းအနေနဲ့ အောက်တိုဘာ ၁၂ ရက်နေ့မှာ ရွှေပိသာချိန် ၁၀ ကျော်ကို လူဦးရေ ၁၀၀ ကျော်ဆီ ရောင်းချခဲ့ပြီး အောက်တိုဘာ ၁၃ ရက်နေ့မှာ လက်ကျန်ရွှေ ၂ ပိသာကျော်ကို လူဦးရေ ၂၄ ဦးဆီ ရောင်းချပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ရွှေရောင်းချပေးရာမှာ အသင်းအနေနဲ့ တရားဝင်ရည်ညွှန်းစျေးနဲ့ ၅ သိန်းကျော်ခွာပြီး မီးလင်းရွေှ တကျပ်သားကို ကျပ် ၂၅ သိန်းနှုန်းနဲ့ လူတဦးကို ရွှေတကျပ်သားကနေ ၁၀ ကျပ်သားအထိ ဝယ်ယူခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
အသင်းက ရွှေရောင်းချပေးရာမှာ တုံကင်စနစ်နဲ့ ရောင်းချပေးခဲ့တဲ့အပေါ် ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။
လက်ရှိ ကမ္ဘာ့ရွှေစျေးက တအောင်စကို ၁,၆၇ဝ ဒေါ်လာ ပြန်လည်ကျဆင်းနေပြီး ပြည်တွင်း အမေရိကန်ဒေါ်လာ ငွေလဲနှုန်းက တဒေါ်လာကို ကျပ် ၂,၉၀၀ ကနေ ၃,၀၀၀ ကြား အရောင်းအဝယ် ဖြစ်နေပါတယ်။