DVB Logo
Home
မြန်မာသတင်း
မင်းပြား ဒုပညာရေးမှူးကို စစ်ကောင်စီ အမှုဖွင့်၊ ကျောက်ဖြူတွင် အေအေနဲ့ဆက်နွှယ်သူများကို လိုက်လံဖမ်းဆီးနေ
DVB
·
October 13, 2022
မင်းပြား ဒုပညာရေးမှူးကို စစ်ကောင်စီ အမှုဖွင့်၊ ကျောက်ဖြူတွင် အေအေနဲ့ဆက်နွှယ်သူများကို လိုက်လံဖမ်းဆီးနေ
1 / 3
Donate to DVB

ရက္ခိုင့်တပ်တော် (အေအေ) အတွက် ငွေထောက်ပံ့ဖို့ ဆရာဆရာမတွေဆီက ငွေကြေးကောက်ခံတယ်လို့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဒုပညာရေးမှူး ဦးတင်မျိုးဇော်ကို စစ်ကောင်စီက စွပ်စွဲပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့်ထားတယ်လို့ ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးကနေ သိရပါတယ်။

ဦးတင်မျိုးဇော်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့မှာ စစ်တွေ ပြည်နယ်ပညာရေးမှူးရုံးက လာရောက်ဖို့ ခေါ်ယူခဲ့ပြီး စစ်တွေမြို့အရောက်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာလို့ ပြည်နယ်ပညာရေး အသိုက်အဝန်းကနေ သိရပါတယ်။

၂၀၂၂ ခုနှစ်ကစပြီး ၂ နှစ်ကျော် လစာထုတ်တိုင်း ဆရာ ဆရာမတွေထံကနေ လစာငွေတွေကို ဖြတ်တောက်ပြီး အေအေအဖွဲ့ကို ထောက်ပံ့ပေးနေတဲ့ မင်းပြားမြို့နယ်က ဒုမြို့နယ်ပညာရေးမှူး စွပ်စွဲထားတာဖြစ်ပြီး စွပ်စွဲ ဖမ်းဆီးတရားစွဲခံရသူကတော့  ဒီကိစ္စ ပြန်လည်တုံ့ပြန်ပြောဆိုနိုင်ခွင့် မရသေးပါဘူး။ 

မင်းပြား ပညာရေးဝန်ထမ်းတယောက်ကတော့ “သူတို့ရေးသားတာက ၂၀၂၂ ကစပြီး ၂ နှစ်ကျော်ကြာဆိုတော့ စဥ်းစားကြည့်ပေါ့ဗျာ။ အခုက ၂၀၂၂ လေ၊ မတရား စွပ်စွဲရေးသားထားတာ ပေါ်လွင်နေတယ်” လို့ ပြောပါတယ်။

အခုလို ပညာရေးရန်ပုံငွေအနေနဲ့ ဝန်ထမ်းတယောက်ကို ၅၀၀ ကျပ်နှုန်း ကောက်ခံနေတာဟာ မင်းပြားတမြို့တည်းသာမဟုတ်ဘဲ စစ်ဘေးရှောင် ရခိုင်ပြည်သူတွေအတွက် ရည်ရွယ်ပြီး ရခိုင်တပြည်နယ်လုံးရှိ မြို့နယ်တိုင်းမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ သဘောတူညီချက်နဲ့ ကောက်ယူနေကြတာဖြစ်တယ်လို့ ဝန်ထမ်းတယောက်က ပြောပါတယ်။

“အခုလို အလှူငွေကောက်တာက စစ်ဘေးရှောင်မိသားစုတွေကို ကူညီထောက်ပံ့ဖို့ ကောက်ခံနေကြတာပါ။ မထည့်ချင်လည်း ရတယ်။ မိမိစေတနာပါရင် ထည့်ပေါ့။ မင်းပြားတမြို့တည်းမှာ ကောက်ခံနေတာမဟုတ်ဘူး။ ရခိုင်ပြည်နယ်က ဌာနဆိုင်ရာတိုင်းက ဝန်ထမ်းတွေဆီက အခုလို ကောက်ခံလှူဒါန်းနေကြတာ။”

စစ်ကောင်စီက ရခိုင်ပြည်နယ်မှာ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေ အပါအဝင် အရပ်သားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အေအေကို ထောက်ပံ့တာတွေ မပြုလုပ်ကြဖို့ ခေါ်ယူခြိမ်းခြောက်ထားပါတယ်။

ကျောက်ဖြူမှာတော့  ဒေသခံပြည်သူတွေကို အေအေနဲ့ဆက်စပ်တယ်ဆိုကာ စစ်ကောင်စီတပ်က သံသယနဲ့ဖမ်းဆီးနေတာကြောင့် ဒေသခံတချို့ စိုးရိမ်ကာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

ကျောက်ဖြူမြို့ခံတဦးက“ဘယ်ရပ်ကွက်မှာတော့ ဘယ်သူ့ကိုဖမ်းသွားပြန်ပြီဆိုပြီး နေ့တိုင်းလိုလို ကြားနေရတော့ လူတွေအကုန်လုံးက စိုးရိမ်နေကြတယ်၊ ကိုယ့်အလုပ်ကို ဖြောင့်ဖြောင့်မလုပ်နိုင်ဘူး၊ ဘယ်အချိန်လာဖမ်းမလဲဆိုတာ စိုးရိမ်မှုတွေရှိနေကြတယ်၊ တချို့ဆို နေ့ဘက် အလုပ်ပင်ပင်ပန်းပန်းလုပ်ကြရပြီး ညဘက်ဆိုအေးအေးဆေးဆေး အိမ်မှာမအိပ်ရဲကြဘူး၊ အခုက နေ့ရော၊ ညပါသူတို့မသင်ကာတဲ့ သူဆိုရင် နေအိမ်ကိုဝင်ဖမ်းတာပဲ”လို့ ပြောပါတယ်။

ကျောက်ဖြူမြို့မှာ စက်တင်ဘာလကနေ အောက်တိုဘာ ၁၁ ရက်ထိ စစ်ကောင်စီတပ်က အေအေနဲ့ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခဲ့သူဟာ ၂၈ ဦးထိရှိနေပြီဖြစ်ကာ မလကျွန်းက အသက်မပြည့်သေးတဲ့လူငယ် ၃ ဦးနဲ့ ကျောက်ဖြူမြို့က ဆက်သွယ်ရေးဝန်ထမ်း ၂ ဦးတို့ကို ပြန်လည်လွှတ်ပေးခဲ့တာပါ။

ကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးမှူးအပါအဝင် တချို့ကို မတရားအသင်းဆက်သွယ်ပုဒ်မ- ၁၇(၁)နဲ့ အမှုဖွင့်ထားပြီး တချို့ကိုတော့ ပုဒ်မ-၅၀၅(က) စတဲ့ ပုဒ်မအသီးသီးတပ် အမှုဖွင့်တရားစွဲဆိုခံထားကာ ကျောက်ဖြူအကျဥ်းထောင်ကို ပို့ဆောင်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013