
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သီးခြောက်ကျေးရွာကို အောက်တိုဘာ ၁၂ ရက် ညပိုင်းနဲ့ ၁၃ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ် အင်အား ၈၀ လောက်နဲ့ ပင်တောင်၊ တပ်ကုန်း၊ သစ်ချိုကုန်းက ပျူစောထီးတွေပူးပေါင်း စစ်ကြောင်းထိုးလာပြီး ရွာထဲမှာ ရှိသမျှပစ္စည်းတွေ အကုန်သယ်သွားကာ မနေ့က အောက်တိုဘာ ၁၂ ရက် ည ၉ နာရီကျော်လောက်က စလို့ မီးရှို့ဖျက်ဆီးကြပြီး ဒီနေ့ အောက်တိုဘာ ၁၃ ရက်နေ့ မနက်ပိုင်းမှာလည်း ထပ်မံမီးရှို့နေတယ်လို့ သီးခြောက်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
“သူတို့စစ်(...)တွေ စစ်ကြောင်းစထိုးကတည်းက ကျနော်တို့ရွာက ပြည်သူတွေအားလုံး အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာ တောထဲတွေကို ထွက်ပြေးလာကြရတာပါ။ အဝေးကပဲ မီးခိုးတွေ မီးတောက်တွေ လှမ်းမြင်နေရတယ်။ အဲဒီကောင်တွေက ရွာမြောက်ပိုင်းကနေ စရှို့တာဖြစ်ပြီး တရွာလုံးနီးပါး မီးထဲပါသွားလောက်တယ်။ ဘုန်းကြီးကျောင်းလည်း မီးထဲပါသွားပြီ။”
မီးလောင်ဆုံးရှုံးတဲ့ အိမ်ခြေအရေအတွက်ကိုတော့ အဲဒီ စစ်ကောင်စီတပ်တွေ ရွာကနေ ပြန်ထွက်သွားမှ အတိအကျ သိရမှာဖြစ်ပြီး လက်ရှိအချိန်ထိ မီးရှို့ဖျက်ဆီးနေကြတုန်းပဲလို့ ဆိုပါတယ်။
မကွေးတိုင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၂၅ ရက်အထိ အိမ်ခြေ ၅,၄၁၈ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၂၈,၄၃၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က သြဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။