DVB Logo
Home
မြန်မာသတင်း
ခေါင်းဆောင်သစ်ရွေးချယ်မည့် ကေအန်ယူကွန်ဂရက်ကျင်းပမည်၊ လူငယ်ခေါင်းဆောင်များ ရွေးချယ်စေလိုဟု ကရင်လူငယ်များပြော
DVB
·
October 13, 2022
ခေါင်းဆောင်သစ်ရွေးချယ်မည့် ကေအန်ယူကွန်ဂရက်ကျင်းပမည်၊ လူငယ်ခေါင်းဆောင်များ  ရွေးချယ်စေလိုဟု ကရင်လူငယ်များပြော
Donate to DVB

မကြာခင်ကျင်းပဖို့ရှိနေတဲ့ ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)ရဲ့ ၁၇ ကြိမ်မြောက် ကွန်ဂရက်မှာ ခေါင်းဆောင်သစ်တွေ ပြန်လည်ရွေးချယ်ဖို့ရှိနေပါတယ်။ 

အခုတကြိမ်ညီလာခံမှာလည်း ပါတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ ဒုတိယ ဥက္ကဋ္ဌ ပဒို ပဒိုစောကွယ်ထူးဝင်းတို့ကိုပဲ ပြန်လည်ရွေးချယ်မလား ဒါမှမဟုတ် ခေါင်းဆောင်သစ်တွေ ဘယ်သူတွေ ဖြစ်လာမလဲဆိုတာကို ကရင်တိုင်းရင်းသား လူမှုအဖွဲ့အစည်းတွေနဲ့  နိုင်ငံရေးလေ့လာသူတွေက စိတ်ဝင်စားနေကြပါတယ်။

လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေအရ ကေအန်ယူခေါင်းဆောင်သစ်တွေကို လူထုတွေက ထင်သာမြင်သာ ရွေးကောက်တင်မြောက်နိုင်မယ့် အခြေအနေ အနေအထားသိပ်မရှိပေမဲ့ ကရင်လူငယ်တွေနဲ့ လူမှုအဖွဲ့အစည်းတွေကတော့ ပြည်သူအတွက် တကယ့်အလုပ်လုပ်ဆောင်နိုင်မယ့် လူငယ်ခေါင်းဆောင်သစ်တွေကို  လိုလားနေကြပါတယ်။

ကရင်အမျိုးသမီးအစည်းအရုံးအတွင်းရေးမှူ နော်ကညောဖောက “ ကျမ တယောက်ထဲအမြင်ကို ပြောရရင်တော့ ကျမအနေနဲ့ ခေါင်းဆောင်တွေကို လူငယ်လူရွယ် သွားလာလှုပ်ရှားနိုင်ပြီး ပွင့်လင်းမြင်သာတဲ့ အမြင်သဘောထားရှိသူ၊ နိုင်ငံရေးကျွမ်းကျင်သူနဲ့ နိုင်ငံရေးမှာ အများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်သူ အထူးသဖြင့်စစ်အာဏာရှင်စနစ်ကို ဆန်ကျင့်တွန်းလှန်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ခေါင်းဆောင်တွေ လိုလားတယ်။ ကျမတို့ ကရင်လူထုတွေ အနေနဲ့ ဒီကွန်ဂရက်ကြီးကနေ ဒီလိုခေါင်းဆောင်တွေကို ရွေးချယ်ဖို့ မျှော်လင့်တယ်။ ဒါတင်မကဘူး ဒီခေါင်းဆောင်သစ်ရွေးချယ်မှုမှာ  အမျိုးသမီး ၃၀ ရာခိုင်နှုန်းအနည်းဆုံးပါဝင်ရွေးချယ်ဖို့လည်း လိုလားပါတယ်။ ဒါ့အပြင် အုပ်ချုပ်အရေးပိုင်း စီရင်ဆုံးဖြတ်နိုင်တဲ့အပိုင်းမှာ လူငယ်လူရွယ်တွေ ဒီထက်ပါဝင်လာမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့အပြောင်းအလဲဖြစ်မယ်လို့ထင်တယ်။ ဒါက ကျမတို့ ခေါင်းဆောင်လူကြီးတွေကို ပစ်ပယ်တာမဟုတ်ပါဘူး။ ကျမတို့ အသက်ကြီးလူကြီးတွေအနေနဲ့ အကြံပေးတဲ့အပိုင်းမှာပဲ ပါဝင်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ကျမတို့ နိုင်ငံရေး အပြောင်းအလဲ အများကြီး ဖြစ်ပေါ်နေတဲ့အချိန် အတွေးသစ်အမြင်သစ်တွေလိုအပ်သလိုပဲ စိတ်အားထက်သန်ပြီး အများနဲ့ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ခေါင်းဆောင် အထူးသဖြင့် အမျိုးသမီးတွေအပေါ် အကောင်းမြင်တဲ့ အမြင်သဘောထားရှိသူတွေ ကိုလိုလားပါတယ်။”လို့ ဒီဗွီဘီကို ပြောပါတယ်။

ကရင်လူမှုအဖွဲ့အစည်းမှာ တက်တက်ကြွကြွလှုပ်ရှားနေသူဖြစ်သလို  နိုင်ငံရေးသင်ကြားပေးနေတဲ့ ကျောင်းဆရာ စောဟေစိုးကလည်း ဒီတခေါက် ခေါင်းဆောင်သစ်ရွေးချယ်မှုမှာ တကယ် စစ်မှန်တဲ့ ရွေးကောက်တင်မြှောက်မှု ဖြစ်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။

“ရွေးကောက်တင်မြှောက်မှုစနစ်မှာ တကယ်ကိုယ်စားပြုပါဝင်တဲ့သူအနေနဲ့ တကယ်စစ်မှန်တဲ့ ကိုယ်စားပြုမှုဖြစ်ဖို့ လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတာ ရွေးကောက်ပွဲဆိုတာ free and fair ဖြစ်ဖို့ လိုအပ်တယ်။ ဒီမိုကရက်တစ်စနစ်အရ အများပြည်သူတွေရဲ့သဘောဆန္ဒကို ဦးစားပေး ရွေးချယ်မှသာ ဒါက ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ ရွေးကောက်တင်မြှောက်မှုဖြစ်မှာဖြစ်တယ်။ ဒုတိယတခုကတော့ ခေါင်းဆောင်တွေရဲ့ အရည်အချင်း၊ ကျနော်ထင်တယ် လူတိုင်းက ခေါင်းဆောင်ကောင်းကိုလိုလားကြတယ်။အဖွဲ့အစည်းနဲ့လူအမျိုးအတွက် ရပ်တည်ပေးသူဖြစ်ရမယ်။ ဒါက အရေးကြီးပါတယ်။ ဒါပေမဲ့လက်ရှိ နိုင်ငံရေးအပြောင်းအလဲအရ အဖွဲ့အစည်းအတွင်း တိကျတဲ့ နိုင်ငံရေးမူဘောင်ကို ရှင်းရှင်းလင်းလင်းမမြင်ရဘူး။ ဒါပေမဲ့ ရှေ့ဆက်သွားမယ့်နိုင်ငံရေးခရီးစဉ်မှာ ခေါင်းဆောင်နဲ့လူထုအကြား နီးနီးကပ်ကပ်သွားနိုင်ဖို့ လိုအပ်တယ်။”လို့ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်တင်မြှောက်ခံရတဲ့ ခေါင်းဆောင်တွေအနေနဲ့လည်း  စုပေါင်းခေါင်းဆောင်မှုနဲ့ မူဝါဒတွေချမှတ်ပြီးသွားဖို့၊ ခေါင်းဆောင်နဲ့လူထုအကြားကောင်းမွန်တဲ့ ဆက်ဆံမှုတွေရှိဖို့၊ လူထုရဲ့လိုအပ်ချက်၊ နိုင်ငံရေးလိုအပ်ချက် တိုင်းပြည်နဲ့လူမျိုးလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အဓိက လိုအပ်တယ်လို့လည်း  ကျောင်းဆရာ စောဟေစိုးကပြောပါတယ်။ 

အခုတခေါက်ကွန်ဂရက်မှာ မျိုးဆက်သစ်လူငယ်ခေါင်းဆောင်တွေ ပါဝင်ရွေးချယ်ခံရဖို့လည်း ကရင်တိုင်းရင်းသားအများစုက လိုလားနေကြပေမယ့် လက်ရှိနိုင်ငံရေးအခြေအနေအရ လူငယ်လူတရွယ်တွေ ခေါင်းဆောင်ဖြစ်လာဖို့ လမ်းခင်းပေးတာ သိပ်မတွေ့ရဘူးလို့လည်း  ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ကို  အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက်   ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ စတင်တည်ထောင်ခဲ့ပြီး ပထမဆုံးဥက္ကဋ္ဌက စောစံဖိုးသင်ဖြစ်ကာ  မျက်မှောက်ကာလအထိ  ကေအန်ယူ ဥက္ကဋ္ဌ အဖြစ် အစဉ်အဆက် တာဝန်ယူခဲ့သူ ၉ ဦးရှိသွားပြီဖြစ်ပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံးမှာ ဗဟိုအမြဲတမ်းကော်မတီဝင် ၅၅  ဦးပါဝင်ပြီး ကာကွယ်ရေးဌာနကြီးအပါအဝင် ဌာနကြီး ၁၄  ခုနဲ့ ဖွဲ့စည်းထားပါတယ်။

ကေအန်ယူဟာ လက်ရှိနွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခြင်းမရှိပါဘူး။

Photo-KNU

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013