Home
မြန်မာသတင်း
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၏ မိဘပိုင်နေအိမ် ချိပ်ပိတ်ခံရ
DVB
·
October 13, 2022

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ  ခွန်မြင့်ထွန်းရဲ့ မိဘပိုင်နေအိမ်ကို အာဏာသိမ်း စစ်ကောင်စီက လာရောက်ချိပ်ပိတ်သွားတယ်လို့ ကာယကံရှင် ခွန်မြင့်ထွန်းနဲ့ ဒေသခံတွေက ပြောပါတယ်။

သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက် လေသာလမ်းရှိ အိမ်နံပါတ် ၈၃၉  နေအိမ်ကို စစ်ကောင်စီတပ်၊ ရဲ အပါအဝင် အုပ်ချုပ်ရေး တာဝန်ရှိသူတွေက အောက်တိုဘာ ၁၂ ရက် နေ့လယ် ၂ နာရီလောက်မှာ လာရောက် ချိပ်ပိတ််သွားတာပါ။

ပြီးခဲ့တဲ့ သတင်းကျွတ်ကာလမိသားစုဝင်တွေက အဆိုပါအိမ်မှာ အလှူအတန်း ပြန်လုပ်ခဲ့အပြီး စစ်ကောင်စီက အခုလို ချိပ်ပိတ်ခဲ့တာလို့ ခွန်မြင့်ထွန်းက ပြောပါတယ်။

“အဲဒီအိမ်မှာ ကျနော့်မောင်နှမတွေက သူတို့စုပေါင်းပြီးတော့ အလှူလုပ်ကြတယ်။ အလှူလုပ်တော့ ကျနော်တို့ ဒီရပ်ကွက်ထဲမှာရှိတဲ့သက်ကြီးရွယ်အိုတွေလည်း ကန်တော့ပေါ့လေ။ ကိုယ့်ထက်နွမ်းပါးတဲ့အိမ်တွေ ကိုလည်း လှူပေါ့။ အဲလို ကျနော်တို့မောင်နှမတွေပေါင်းပြီး သတင်းကျွတ်မှာ ပြန်လှူကြတာရှိတယ်။ အဲလိုလှူကြတဲ့ရက်မှာပဲ သူတို့ချိပ်လာပိတ်သွားတာပေါ့။”

စစ်ကောင်စီကတော့ ဒီနေအိမ်ဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်နေတဲ့အတွက် နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမှာ ဖြစ်တာကြောင့် ချိပ်ပိတ်ရတာလို့ ဆိုထားပါတယ်။

စစ်ကောင်စီက လာရောက်ချိပ်ပိတ်သွားတဲ့ ခွန်မြင့်ထွန်းရဲ့ မိဘပိုင်နေအိမ်ဟာ ၁၉၈၈ ခုနှစ်ကစပြီး လက်ရှိအချိန်ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးစိုက်ထားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ခွန်မြင့်ထွန်းကတော့ စစ်ကောင်စီက မိဘပိုင်နေအိမ်ကို အခုလို လာရောက်ချိပ်ပိတ်တာဟာ NLD ပါတီရုံးစိုက်ထားတာ ဒါမှမဟုတ် သူရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် လာရောက် ချိပ်ပိတ်တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) စတင် တည်ထောင်စဉ်ကတည်းက ဖခင်ဖြစ်သူကိုယ်တိုင် ရုံးစိုက်ဖွင့်လှစ်ခွင့်ပေးခဲ့တဲ့နေအိမ် ဖြစ်ပြီး လက်ရှိအချိန်ထိ ပါတီရုံးစိုက်ထားရာနေအိမ် အနေနဲ့ အသုံးပြုခဲ့ကြောင်း ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

“ကျနော်တို့ ဒီအိမ်မှာ ဒီခြံမှာနေလာတာ ဟိုး ကျနော်တို့ ငယ်ငယ်ကတည်းကနေလာတာပေါ့လေ။ အိမ်မှာက ရှစ်လေးလုံးအရေးတော်ပုံပြီးသွားတဲ့အခါကျတော့ အန်အယ်ဒီရုံးကို အဲဒီအိမ်ခြံဝင်းထဲမှာပဲ ကျနော်တို့ စဖွင့်ခဲ့တာ။ ရှစ်လေးလုံးအရေးတော်ပုံပြီးတော့ အန်အယ်ဒီစထောင်ကတည်းကပေါ့။ အဲတော့ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ၊ ၂၀၂၀ ရွေးကောက်ပွဲ အားလုံး ဒီရွေးကောက်ပွဲအောင်နိုင်ရေးအတွက်က ဒီအိမ်မှာပဲ ဒီရုံးမှာပဲ အခြေပြုပြီးတော့ လှူပ်ရှားတာပဲလေတောက်လျှောက်ပေါ့။ ကျနော်ထောင်ကျနေတဲ့အချိန်မှာကျတော့လည်း ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦးတို့က ကျနော်တို့ ဒေသခံ ရွာလူထုနဲ့ကော၊ ကျနော့်မိဘတွေနဲ့ကောလာတွေ့ပြီးအားပေးတာပေါ့လေ။ ဒီအိမ်၊ ဒီခြံမှာပါပဲ။ ကျနော်ထောင်ကျတော့လည်း ကျနော့်အဖေကို ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ဖွင့်ခွင့်ပေးထားတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အရေးယူတာတွေရှိလာရင် သူလည်းအရေးယူခံရမယ်ဆိုတာကို သိရှိကြောင်း အဖေကလည်း ၉၇  ဇန်နဝါရီ ၂၇ မှာ လက်မှတ်ထိုးထားပေးတယ်။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှာ။ ဘာပဲဖြစ်ဖြစ်ဒီအိမ်က ကျနော်တို့ဒီနိုင်ငံရေးအရ ကျနော်တို့ မိဘတွေ မိသားစုတွေက ရပ်တည်လာပေးတာပေါ့လေ။ ဒီအိမ်မှာ။ ”

နိုင်ငံရေးအရ ၁၉၈၈ ကတည်းက ဒီအိမ်မှာလှုပ်ရှားဆောင်ရွက်လာခဲ့ပေမယ့် နေအိမ်ချိတ်ပိတ်ခံရတာ အခု စစ်ကောင်စီလက်ထဲကျမှ ပိတ်ခံရတာဖြစ်ကြောင်းလည်း ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အဲဒီနေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စစ်ဆေးမှု မကြာခဏ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ခွန်မြင့်ထွန်းဟာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲအနိုင်ရ  အန်အယ်လ်ဒီပါတီ လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သလို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌအထိ တာဝန်ထမ်းဆောင်ခဲ့တာပါ။

လက်ရှိမှာ ခွန်မြင့်ထွန်းဟာ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်၊ ပါတီထောက်ခံသူတွေနဲ့ ဒေသခံ နေအိမ်ပေါင်း  ၁၀၀ လောက် ချိပ်ပိတ်ခံထားရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းချိန်မှ ၂၀၂၂ စက်တင်ဘာလကုန်ထိ အာဏာသိမ်း စစ်အုပ်စုရဲ့ မတရား ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် ၇၈၀ လုံး ထက်မနည်း ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မှတ်တမ်းအရ သိရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024