DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့တွင် စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးနေ
DVB
·
October 13, 2022
မောင်တောမြို့တွင် စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးနေ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ အောက်တိုဘာ ၁၁ ရက်ကစပြီး ည ၈ နာရီမှစတင်ကာ စစ်ကောင်စီတပ်က နေရာတိုင်း စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ မြို့ဒေသခံတွေက ပြောပါတယ်။

မောင်တောဒေသခံတယောက်က “မနေ့က ည ၈ နာရီလောက်ကတည်းက လမ်းတွေအများစုကို စစ်သားတွေ ပိတ်ဆို့စစ်ဆေးနေကြတယ်။ လူတွေကတော့ ဘယ်သူမှ အပြင်မထွက်ဝံ့ကြတော့ဘူး။ အသွားအလာတွေ့ရင် ဖမ်းမယ်လို့တော့ကြားတယ်။ ၈ နာရီ ညမထွက်အရအမိန့်ကလည်း ထုတ်ထားတာမရှိဘူး။ ဒီနေ့လည်း စစ်ဆေးမယ်ကြားတယ်” လို့ ပြောပါတယ်။

မောင်တောမြို့မှာ ၂၀၁၂ ခုနှစ်ကစပြီး ဒီနေ့အထိ ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ မနက် ၆ နာရီအထိ ထုတ်ပြန်ထားပေမဲ့ ည ၈ နာရီကတည်းက စစ်တပ်က လမ်းအများစုမှာ နေရာယူ စစ်ဆေးနေကြတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတာပါ။

မောင်တောဒေသကို ရက္ခိုင့်တပ်တော် (အေအေ) လွှမ်းမိုးတာနဲ့ မောင်တောမြောက်ပိုင်းမှာ စစ်ကောင်စီစခန်းတွေကို အေအေက တိုက်ခိုက်သိမ်းပိုက်တာ များလာနေတဲ့အတွက် အေအေနဲ့ ဆက်စပ်သူတွေရဲ့ အသွားအလာတွေကို စောင့်ကြည့် စစ်ဆေးနေတာ ဖြစ်နိုင်တယ်လို့ မောင်တောဒေသ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

“မြို့ပေါ်စစ်ဆင်ရေးပေါ့ဗျာ။ မောင်တော​ဒေသမှာ အေအေဘက်က လွှမ်းမိုးမှု များလာနေတယ်။ စခန်းတွေ တခုပြီးတခု သိမ်းလာတယ်ဆိုတော့ အေအေနဲ့ဆက်စပ်တဲ့ မြို့ပေါ်ကို ည အဝင်အထွက်တွေကို စစ်ဆေးလာနေတာ။ မြို့ကို အသိမ်းခံရမှာ ကြောက်နေတဲ့သဘောပါ။”

မောင်တောမြို့မှာ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာ အရာရှိ အရာခံတွေဟာ မြို့ပေါ်ရှိ သူတို့ရဲ့ ဝန်ထမ်းနေအိမ်တွေမှာ ညအချိန် မအိပ်ရဲကြဘဲ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ-၅ ကို သွားရောက် ညအိပ်နေကြရတာပါ။

မောင်တောမြို့ပေါ် နေရာအများစုမှာ ည ၈ နာရီကစပြီး ရှောင်တခင်စစ်ဆေးတာတွေကို အောက်တိုဘာ ၁၁ ရက်ညက စတင်ပြုလုပ်နေပြီး ဖမ်းဆီးခံရသူ မရှိသေးပေမဲ့ ဒေသခံတွေဟာ စိုးရိမ်နေကြရပြီး အပြင်မထွက်ရဲဘဲ ရှိနေကြတာလည်း ဖြစ်ပါတယ်။

စစ်ဆေးမှုတွေကို ဘယ်ရက်အထိ ပြုလုပ်မလဲ ဆိုတာကိုတော့ မသိရှိရသေးကြောင်း ဒေသခံတွေထံမှ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013