DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁ ဦး အပါအဝင် အမျိုးသမီး ၃ ဦး ဖမ်းဆီးခံရ
DVB
·
October 12, 2022
မန္တလေးတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁ ဦး အပါအဝင် အမျိုးသမီး ၃ ဦး ဖမ်းဆီးခံရ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မနှင်းနုနုလွင်ဟာ မန္တလေးမြို့မှာ တိမ်းရှောင်နေစဉ် အောက်တိုဘာ ၁၀ ရက် ညပိုင်းက အိမ်ပိုင်ရှင်အမျိုးသမီး ၂ ယောက်နဲ့အတူ ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“သူ တည်းနေတဲ့အိမ်ဘေးက ရဲမှူးအိမ်ဖြစ်နေတယ်။ အိမ်ကိုဝိုင်းပြီး လာဖမ်းသွားတာ။ သူ့ကို လက်ခံထားတဲ့ သူ့မိတ်ဆွေ အိမ်ပိုင်ရှင်ကိုပါ ဖမ်းခေါ်သွားတယ်။ စုစုပေါင်း အမျိုးသမီး ၃ ဦး အဖမ်းခံရတယ်။ ကျန်တဲ့သူတွေက ပုဒ်မထုတ်ခံထားရတာ မရှိဘူး။ သူတယောက်တည်း ၅၀၅ ထုတ်ခံထားရတာ” လို့ နီးစပ်သူတွေက ပြောပါတယ်။

လက်ရှိ ဖမ်းဆီးခံရတဲ့ မနှင်းနုနုလွင်ဟာ စစ်အာဏာမသိမ်းခင်က ဒေသအတွင်း ပရဟိတ လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေသူဖြစ်ပြီး စစ်တပ်က အာဏာသိမ်းချိန်မှာတော့ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သလို ဆန္ဒပြလူငယ်တွေကို ကူညီထောက်ပံ့ပေးတာတွေ ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဧပြီလမှာ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ခံရတာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“အခုဖမ်းခံရတဲ့အစ်မက လူတွေကို အရမ်းကူညီတတ်တယ်။ ပိုက်ဆံလည်းရှိတော့ ပရဟိတ အလုပ်တွေပဲ လုပ်နေတာ။ စစ်ဘေးရှောင်တွေကိုလည်း အရမ်းလှူတယ်။ စစ်တပ်က အာဏာသိမ်းတော့ ဆန္ဒထုတ်ဖော်တဲ့လူငယ်တွေ လိုအပ်တာကို သူ့စိတ်ရင်းအတိုင်း ကူညီပေးခဲ့တယ်။ ဒါ့ကြောင့် ဖမ်းဝရမ်းထုတ်ခံထားရပြီး မြို့ကနေ တိမ်းရှောင်နေတာ နှစ်နဲ့ချီနေပြီ။ အခုကျမှ အဖမ်းခံရတာ” လို့ နီးစပ်သူတွေက ပြောပါတယ်။

အခုလက်ရှိ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ မနှင်းနုနုလွင် အပါအဝင် အမျိုးသမီး ၃ ယောက်ကို ဘယ်နေရာမှာ ချုပ်နှောင်ထားတယ်ဆိုတာ မသိရ‌သေးသလို မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေတွေနဲ့လည်း အဆက်အသွယ် ပြတ်တောက်နေတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

“အိမ်ရှင်အမျိုးသားက သူ့မိန်းမကိုပါ ဖမ်းခေါ်တာခံရတော့ ဘယ်မှာဖမ်းထားလဲဆိုတာ လိုက်စုံစမ်းနေတာ စုံစမ်းလို့မရသေးဘူး။ အကုန်လုံးနဲ့ အဆက်အသွယ်ပြတ်နေတယ်။ အားလုံးလည်း စိုးရိမ်နေကြတယ်” လို့ မိတ်ဆွေဖြစ်သူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ စီမံကိန်းနဲ့ ဘဏ္ဏာရေးဝန်ကြီး ဦးစိုးညွန့်လွင် အပါအဝင် NLD ပါတီက ပြည်နယ်ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ သတင်းမီဒီယာသမားတွေ၊ ကဗျာဆရာတွေ၊ CDM ဝန်ထမ်းတွေကို အဓမ္မဖမ်းဆီးပြီး ထောင်နှစ်ရှည်ချတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ မိသားစုဝင်တွေနဲ့ ရှမ်းပြည်ဒေသခံတွေက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ အဓမ္မဖမ်းဆီးခံထားရသူ ၁၅,၈၂၁ ယောက် ရှိကာ အဲဒီထဲမှာ သေဒဏ်ချမှတ်ခံထားရပြီး အကျဥ်းထောင်တွေထဲ ထိန်းသိမ်းခံထားရသူ ၈၄ ယောက်၊ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၁၂၁ ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013