
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၁ ရပ်ကွက်၊ ယုဇနလမ်းရှိ ဂျာပန်ကြီး စတိုးဆိုင်ကို အောက်တိုဘာလ ၁၁ ရက် ည ၇ နာရီလောက်မှာ လူတစုက ဗုံးတလုံးနဲ့ ပစ်ပေါက် သွားတာကြောင့် လူငယ် တယောက် သေဆုံးသွားပါတယ်။
မြဝတီမြို့ခံတဦးက“အမည်မသိလူတစုက ဗုံးသီးကို ဆိုင်ခန်းထဲ ပစ်ချပြီး ပေါက်ကွဲသွားတာ။ ပေါက်ကွဲတဲ့အချိန်မှာ စတိုးဆိုင် အနည်းငယ်ပျက်စီးသလို ဆိုင်အကူက ဗုံးဆန်ထိမှန်ခဲ့လို့ လူနာကို ဆေးရုံပို့ဆောင်ခဲ့ပြီး ဆေးရုံမှာ သေဆုံးသွားတယ်”လို့ ပြောပါတယ်။
သေဆုံးသူဟာ အိမ်ရှင်ရဲ့တူတော်စပ်သူ အသက် ၁၈ နှစ်အရွယ် မောင်သီဟသူ ဖြစ်ပြီး ရင်ဘတ်ဝမ်းဗိုက်ထိမှန်ဒဏ်ရာနဲ့ သေဆုံးသွားတာဖြစ်ပါတယ်။
အဆိုပါ ဗုံးခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာနဲ့ ဘာကြောင့် လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ချစ်ကြည်ရေးအမှတ် ၁ တံတားရှေ့ အင်အားပြင်းဗုံးပေါက်ကွဲမှု အပါအဝင် အသေးစားဗုံးပေါက်ကွဲမှုတွေလည်း မကြာ ခဏဖြစ်ပွားလေ့ရှိပြီး ဗုံးဖောက်ခွဲသူတွေကိုတော့ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။