
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အောက်တိုဘာ ၁၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။
မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက “မြိုင်မြို့နယ် စက်မှု ၂ စစ်(...)စခန်းနဲ့ ကိုင်းတောမ ရဲစခန်းကြားကို ဖြတ်သန်းနေတဲ့ စစ်(...)ကားတစီးကို မနေ့ အောက်တိုဘာလ ၁၁ ရက် ညနေ ၄ နာရီလောက်မှာ မြိုင် ပ.က.ဖနဲ့ ဂဠုန်-PDF တို့ ပူးပေါင်းပြီး ရှော့တိုက်ဒုံး ၄ လုံးအပြင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ သေဆုံး ဒဏ်ရာရသူ အရေအတွက်ကို အတိအကျ မသိရသေးတာကြောင့် ဆက်လက်စုံစမ်းနေပြီး PDF ပူးပေါင်းတပ်ဖွဲ့ ရဲဘော်တွေကတော့ အထိအခိုက် အကျအဆုံး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
မြိုင်နဲ့ ပခုက္ကူနယ်စပ်မှာလည်း အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းမှာ မြိုင် ပ.က.ဖ က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။