DVB Logo
Home
Lead Story
မျက်လုံးတစ်ဖက်အတွက် မျက်လုံးတစ်ဖက်..
DVB
·
October 11, 2022
မျက်လုံးတစ်ဖက်အတွက် မျက်လုံးတစ်ဖက်..
Donate to DVB

ယူကရိန်းစစ်ဖြစ်ပြီး လေးလအတွင်း ဒုံးကျည်တစ်စင်း၊ ဗုံးတစ်လုံး မကျရောက်တော့ဘဲ ငြိမ်သက်နေတဲ့ ကိဗ်မြို့မှာ မနေ့က ရုရှားက ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တချို့ မြို့လယ်ကောင်မှာ ကျရောက်ပေါက်ကွဲလို့ မြို့သူမြို့သားတွေ ကြောက်လန့်တကြား ထွက်ပြေးကြ၊ ပုန်းရှောင်ခဲ့ရတယ်။ 

တနင်္လာနေ့မနက် ရှစ်နာရီဝန်းကျင်မှာ ဒုံးကျည်နှစ်စင်းဟာ ကိဗ်မြို့လယ် ပန်းခြံတစ်ခုနဲ့ လူသွားတံတားတစ်ခုပေါ် ကျရောက် ပေါက်ကွဲခဲ့တယ်။ ယူကရိန်းမှာ စစ်ဖြစ်နေတယ်ဆိုပေမယ့် ပြီးခဲ့တဲ့ မေလလလောက်ကစပြီး ရုရှားတပ်တွေဟာ ကိဗ်မြို့အနီးက ပြန်ဆုတ်ခွါသွားပြီး ရုရှားနဲ့နယ်မြေချင်းကပ်နေတဲ့ ယူကရိန်းနယ်မြေမှာသာ စစ်ပွဲက ဆက်ဖြစ်နေခဲ့တာပါ။ 

ခုတော့ ပထမဆုံးအကြိမ် ရုရှားတွေက ကိဗ်မြို့တော်ကို ချိန်ကိုက်ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်လိုက်ပါပြီ။ ဒီတိုက်ခိုက်မှုဟာ အရင်လို ဆင်ခြေဖုံးဒေသက စစ်ရေးပစ်မှတ်သာမဟုတ်တော့ဘူး။ မြို့လယ် လူစည်ကားရာအရပ်၊ တက္ကသိုလ်နဲ့ ပြတိုက်တွေရှိတဲ့နေရာကိုပါ ကျရောက်ပေါက်ကွဲခဲ့တာပါ။ 

ဒုံးကျည်ပေါက်ကွဲမှုကြောင့် ပန်းခြံထဲက ကလေးကစားကွင်းမှာ ဧရာမ ကျင်းကြီးတစ်ခုဖြစ်ခဲ့သလို မြို့လယ်က လူလျှောက်တံတားတစ်ခုပေါ်လည်း ကျရောက်ပေါက်ကွဲခဲ့တယ်။ 

ခုလို ဒုံးကျည်များနဲ့ ပစ်ခတ်မှုဟာ ကိဗ်မြိုတော်တင်မက ယူကရိန်းတစ်နိုင်ငံးက မြို့ကြီးတွေကို တစ်ပြိုင်နက်တည်း ပစ်ခတ်ခဲ့တာဖြစ်တယ်။ 

ခုလို ကိဗ်မြို့တော် အရပ်သား ပစ်မှတ်တွေအထိ တိုက်ခိုက်ရခြင်းဟာ စနေနေ့က ဖြစ်ပွါးခဲ့တဲ့ ခရိုင်းမီးယားတံတား ပေါက်ကွဲမှုအပေါ် လက်တုံ့ပြန်လိုက်တာ ဖြစ်တယ်လို့ ရုရှားဘက်က ကြေညာပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ရုရှား-ခရိုင်းမီးယား ဆက်သွယ်ထားတဲ့ အဓိကတံတားတစ်ခုပေါ်မှာ ကြီးမားတဲ့ပေါက်ကွဲမှု ဖြစ်ခဲ့လို့ ရုရှားလောင်စာဆီတင်ကား  ၇ စီး မီလောင်ပေါက်ကွဲပြီး တံတားအစိတ်အပိုင်းတချို့ပျက်စီးခဲ့ရတယ်။ ဘယ်သူဘယ်ဝါလက်ချက်လို့ ကနဦးမှာ မသိရပေမယ့် ရုရှားသမ္မတ ပူတင်က ဒါဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ကြုံးဝါးခဲ့တယ်။ 

ပူတင်ကြုံးဝါးခဲ့သလိုပဲ ဒီပေါက်ကွဲမှုဟာ ယူကရိန်းတွေရဲ့ လက်ချက်ဖြစ်ရမယ်ဆိုပြီး တနင်္လာနေ့မနက်မှာ ရုရှားတွေက ယူကရိန်း တစ်နိုင်ငံလုံးက ပစ်မှတ်တွေကို ဒုံးကျည်နဲ့ ပစ်ခတ်ပြီး လက်တုံ့ပြန်လိုက်ပါတယ်။ 

တနင်္လာနေ့ ပစ်ခတ်မှုမှာ ကိဗ်မြို့လယ်က ကော်ဖီဆိုင်တွေ ဟိုတယ်ပြတင်းတွေ ပျက်စီးကုန်ပြီး ဒုံးကျည်ပေါက်ကွဲမှုကြောင့် ရေပိုက်တွေ ပေါက်ခဲ့တယ်။ အနည်းဆုံး လူ ၁၁ ဦး သေတယ်လို့ဆိုတယ်။ 

ခုလို တုံ့ပြန်ပစ်ခတ်အပြီးမှာတော့ မော်စကိုမှာ ပူတင်ကို ထောက်ခံတဲ့ ဗိုလ်ချုပ်ကြီးတွေက အောင်ပွဲခံခဲ့တယ်လို့ဆိုတယ်။ ရုရှားတပ်တွေဟာ ပြီးခဲ့တဲ့လတွေအတွင်း ယူကရိန်းစစ်မြေပြင်မှာ အထိနာနေပြီး အလျင်အမြန်ဆုတ်ခွါပေးနေရတယ်။ ယူကရိန်းစစ်အတွက် ပူတင်ကိုယ်တိုင် စစ်မှုထမ်းအမိန့်တစ်ရပ်ထုတ်ပြန်ပြီး စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းနေရသလို စစ်ရေးမျက်နှာပန်းမလှတဲ့ အနေအထားရှိနေချိန်မှာ အခုလို တုံ့ပြန်မှုက ပူတင်အတွက် အမှတ်ရစေခဲ့တယ်။ ယူကရိန်းစစ်မှာ သဘောထားတင်းမာတဲ့ ရုရှားဝန်ကြီးချုပ် မက်ဗီဒက်ကတော့ ဒါဟာ ပထမသင်္ခန်းစာပဲ ရှိသေးတယ်လို့ ဆိုလိုက်တယ်။ 

ထုံးစံအတိုင်း ခုလိုဖြစ်လာပြီဆိုရင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဂူတာရက်စ်ကလည်း ပြင်းပြင်းထန်ထန်ရှုတ်ချ၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ရုရှားတွေရဲ့ ရက်စက်တဲ့ အကြမ်းဖက်လုပ်ရပ်လို့ ပြစ်တင်ရှုတ်ချခဲ့တယ်။ 

စနေနေ့က ရုရှားသိမ်းပိုက်နယ်မြေကို ဆက်သွယ်ထားတဲ့ တစ်ခုတည်းသော ခရိုင်းမီးယားတံတား ဖောက်ခွဲခံခဲ့ရမှုနဲ့ပတ်သက်ပြီး ပူတင်က “ အကြမ်းဖက်လုပ်ရပ်” လို့ စွပ်စွဲခဲ့သလို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ဆိုခဲ့တဲ့အတိုင်း တနင်္လာမနက်မှာ ကိဗ်အပါအဝင် ယူကရိန်းမြို့ကြီးတွေကို ပစ်မှတ်ထား လက်တုံ့ပြန်ခဲ့တာ ဖြစ်တယ်။ 

စစ်ဟာအရှုံးနဲ့ အနိုင်မှာပဲ အဆုံးသတ်တယ်။ စစ်ဖြစ်ခဲ့ရင် နှစ်ဘက် လူသားတွေ အိုးအိမ်စည်းစိမ်တွေ သေကျေပျက်စီးရတယ်။ စစ်ပွဲတွေ အဆုံးမသတ်သရွေ့ အနိဋ္ဌာရုံတွေ ဆက်ရှိနေဦးမယ်။ သူသေ ကိုယ်သေ။ 

Tit for Tat. 

မျက်လုံးတစ်ဖက်အတွက်..မျက်လုံးတစ်ဖက်..။

An eye for an eye. 

ပါးကိုက်ရင် နားကိုက်မယ်။ 

စစ်ပွဲတွေရှိနေသရွေ့ ကလဲ့စားတွေ၊ လက်တုံ့ပြန်မှုတွေ ဆက်ရှိနေပါဦးမယ်။

CWM

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013