
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တောင်ပိုင်းမှာ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်း ၉ နာရီခွဲလောက်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ KIA-PDF ပူးပေါင်းအဖွဲ့တို့ ထပ်မံတိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ ပေါက်နက်ကုန်းကျေးရွာအနီးမှာဖြစ်ပြီး နှစ်ဘက်တိုက်ပွဲဟာ ပြင်းထန်တဲ့အနေအထားမှာ ရှိနေတာကြောင့် ပေါက်နက်ကုန်းကျေးရွာနဲ့ နားမော်ကျေးရွာတွေအပြင် တခြားကျေးရွာများကလည်း စစ်ရှောင်ဖို့ ပြင်ဆင်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
လက်တလော ဗန်းမောက်မြို့နယ်အတွင်းမှာ စစ်ရေးတင်းမာနေဆဲအနေအထားမှာဘဲ ရှိနေသေးပြီး တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်မှာရှိတဲ့ ဒေသခံအများအပြားလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
စစ်ဘေးရှောင်ထွက်ပြေးစဥ်မှာလည်း အောက်တိုဘာ ၉ ရက်နေ့က ပေါက်နက်ကုန်းကျေးရွာနေ အသက် ၁၂ နှစ်အရွယ်မိန်းကလေးတဦးနဲ့ ၂၂ နှစ်အရွယ်မိန်းကလေးတဦးတို့ဟာ မိုင်းနင်းမိတာကြောင့် သေဆုံးခဲ့ပါတယ်။