DVB Logo
Home
မြန်မာသတင်း
ဂျပန်ကလှူဒါန်းသည့် ခရီးသည်တင်သင်္ဘောများကို မြန်မာစစ်တပ်က စစ်ရေးအတွက်အသုံးပြုနေ
DVB
·
October 11, 2022
ဂျပန်ကလှူဒါန်းသည့် ခရီးသည်တင်သင်္ဘောများကို မြန်မာစစ်တပ်က  စစ်ရေးအတွက်အသုံးပြုနေ
1 / 2
Donate to DVB

အရပ်သားပြည်သူတွေ အသုံးပြုဖို့ ဂျပန်နိုင်ငံက လှူဒါန်းထားတဲ့ ခရီးသည်တင်သင်္ဘောတွေကို မြန်မာစစ်တပ်က ပြီးခဲ့တဲ့ စက်တင်ဘာလမှာ စစ်ရေးအတွက်အသုံးပြုခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW)က ကြေညာပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း ဂျပန်နိုင်ငံက ပေးပို့လှူဒါန်းခဲ့တဲ့ ရေယာဉ် ၃ စင်းထဲက ၂ စင်းကို မြန်မာစစ်တပ်က မေယုမြစ်ကတဆင့် ရက္ခိုင့်တပ်တော်(အေအေ)နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ဘူးသီးတောင်မြို့ကို စစ်သည် ၁၀၀ ကျော်နဲ့ ပစ္စည်းတွေ သယ်ယူရာမှာ အသုံးပြုခဲ့တာလို့ဆိုပါတယ်။

ဂျပန်အစိုးရအနေနဲ့  မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဆိုင်းငံ့ထားသင့်ပြီး ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ စစ်အစိုးရအရာရှိတွေကို ဒဏ်ခတ်အရေးယူသင့်တယ်လို့  HRW ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ အာရှပရိုဂရမ်အရာရှိ တက်ပေ ကာစိုင်းက “ဂျပန်ရဲ့ ဖွံ့ဖြိုးရေး အကူအညီကို မြန်မာစစ်အစိုးရက စစ်ရေးရည်ရွယ်ချက်အတွက် အလွဲသုံးစားလုပ်တာက ဂျပန်အနေနဲ့ စစ်အုပ်စုရဲ့ စစ်ဆင်ရေးတွေကို ကျောထောက်နောက်ခံ ဖြစ်လာစေပါတယ်။ ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်အုပ်စုရဲ့ ချိုးဖောက်မှုတွေအပေါ် အမြန်ဆုံး ပြန်လည် အကဲဖြတ်ဖို့ လိုအပ်နေပါတယ်။” လို့ ပြောပါတယ်။

ဂျပန်အစိုးရကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)က မေးမြန်းမှုအပေါ် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတယောက်က ဖြေကြားချိန်မှာတော့ “မေးခွန်းထုတ်စရာကိစ္စနဲ့ ပတ်သက်ပြီးတော့ သင့်လျော်တဲ့ အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်နေတယ်”လို့ ပြောပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ သံတမန်ရေးရာကိစ္စဖြစ်တာကြောင့် ထုတ်ဖော်ပြောဆိုတာမျိုး မလုပ်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၂ ရက်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ဂျပန်ယန်းငွေ သန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၃ သန်းခွဲ) တန်ဖိုးရှိတဲ့ ရေယာဉ် ၃ စင်းကို ပေးအပ်ခဲ့ပြီး ဒီအစီအစဉ်အရ “ရခိုင်ပြည်နယ် ကမ်းရိုးတန်း သယ်ယူပို့ဆောင်ရေးအတွက် ခရီးသည်တင် သင်္ဘောတွေ လှူဒါန်းခြင်းအားဖြင့် မြန်မာ့စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီဖို့” ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလက စတင်ကာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ကြား အလွတ်သဘော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဟာ ပြီးခဲ့တဲ့လပိုင်းတွေ အတွင်းကပဲ ပျက်ပြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အမြောက်တွေနဲ့ ပစ်ခတ်တာတွေ၊ မြေမြှုပ်မိုင်းအသုံးပြုတာတွေအပါအဝင် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပြီး မြန်မာစစ်တပ်က အင်အားထပ်မံဖြည့်တင်းခဲ့တာကို တွေ့ရပါတယ်။

ဒါ့အပြင် ဩဂုတ်လလယ်က စတင်ပြီးတော့ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ဖြတ် ၄ ဖြတ်အစီအစဉ်နဲ့ အရပ်သားတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေအပါအဝင် ယုတ်မာရက်စက်တဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့တဲ့အပြင် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ ဝန်ထမ်းတွေကို ခရီးသွားလာခွင့် ကန့်သတ်ချက်အသစ်တွေ ချမှတ်ထားပြီး ကုန်းလမ်း၊ ရေလမ်းတွေ သွားလာခွင့်ကို ပိတ်ဆို့ထားကာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ကာ နိုင့်ထက်စီးနင်း ဖမ်းဆီးတာတွေကိုလည်း ကျူးလွန်ခဲ့တယ်လို့ HRW ကဆိုပါ တယ်။

ဒါ့အပြင် မြန်မာစစ်အစိုးရဟာ ရခိုင်ပြည်နယ်မြို့နယ် ၆ ခုဖြစ်တဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံမြို့နယ်တွေမှာ လှေတွေနဲ့ သွားလာတာတွေ၊ အများ ပြည်သူသွားလာခွင့်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်က စတင်ပြီးတော့ တားမြစ်ပိတ် ပင်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက စတင်တဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၁၈,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၇၀,၀၀၀ ကျော် ရှိလာခဲ့ပြီဖြစ်ကာ အများစုကတော့ စစ်အုပ်စုရဲ့ ကန့်သတ်ချက်တွေကြောင့် အစားအစာနဲ့ ဆေးဝါးတွေ ပိုမိုပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ODA အစီအစဉ်သစ်တွေ ဆောင်ရွက်တာတွေကို ပြန်လည်သုံးသပ်သွားမယ်လို့ ဂျပန်အစိုးရက ပြောကြားခဲ့ပေမယ့် လက်ရှိဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းထားတာမျိုး မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအထိ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို ချေးငွေအကူအညီ ယန်း ၁ ဒသမ ၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံ)၊ ထောက်ပံ့ငွေ ယန်း ၃၆၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ) နဲ့ နည်းပညာအကူအညီ ယန်း ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာသန်း ၆၉၀) ထောက်ပံ့ပေးထားတာ တွေ့ရပါတယ်။

ဒါ့အပြင် ဂျပန်စစ်တပ်ဟာ စစ်ကောင်စီတပ်က အရာရှိတွေကိုလည်း   ဂျပန်နိုင်ငံကို  ခေါ်ယူပြီး စစ်ပညာတွေ  ဆက်လက်သင်ကြားပေးနေတဲ့အတွက်   ဝေဖန်ခံနေရတာ  ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013