DVB Logo
Home
မြန်မာသတင်း
ငဖဲမြို့နယ်၌ အသတ်ခံရသည့် အရှိုချင်း အမျိုးသမီးငယ် ၂ ဦး၏ ရုပ်အလောင်းကိုသင်္ဂြိုဟ်၊ တရားခံ ဖမ်းမမိသေး
DVB
·
October 11, 2022
ငဖဲမြို့နယ်၌ အသတ်ခံရသည့် အရှိုချင်း အမျိုးသမီးငယ် ၂ ဦး၏ ရုပ်အလောင်းကိုသင်္ဂြိုဟ်၊ တရားခံ ဖမ်းမမိသေး
Donate to DVB

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ အသတ်ခံခဲ့ရတဲ့ အရှိုချင်းတိုင်းရင်းသူ အမျိုးသမီးငယ် နှစ်ယောက်ရဲ့ ရုပ်အလောင်းကို အောက်တိုဘာ ၁၀ ရက်က ဘာသာရေးထုံးထမ်းစဉ်လာအတိုင်း သင်္ဂြိုဟ်ခဲ့ပေမဲ့  ကျူးလွန်တဲ့တရားခံတွေကိုတော့ အခုအချိန်ထိ ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ မိသားစုက ပြောပါတယ်။

သေဆုံးသူအမျိုးသမီးငယ်နှစ်ယောက်ဟာ ငဖဲမြို့နယ်၊ ဘုံဘောကျေးရွာမှာနေထိုင်တဲ့   အသက် ၂၁ နှစ်အရွယ် ၁၀ တန်းကျောင်းသူ   မိုင်ရွှေစင်ရဲ (ခ) မခင်ဝင်းနဲ့ အသက် ၁၄ နှစ်အရွယ် ၆ တန်းကျောင်းသူ  မိုင်နောင်ပါလှတို့ ဖြစ်ကြပါတယ်။

သူတို့ နှစ်ယောက်ဟာ   အောက်တိုဘာလ ၆ ရက် ညနေ ၅ နာရီလောက်က  ဂုတ်ကြီးကျေးရွာကို လက်ဖက်ခြောက်ပို့ဖို့  ခိုင်းလိုက်ရာမှာ ရွာကိုပြန်ရောက်မလာဘဲ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ 

အောက်တိုဘာ ၉ ရက်မှာတော့ တယောက်က ထိုးသွင်းဒဏ်ရာ ၁၁ ချက်၊ နောက်တယောက်က ထိုးသွင်းဒဏ်ရာ ၇ ချက်နဲ့ အလောင်းတွေကို၊ မြေလတ်ကျေးရွာ အရှေ့တောင်ဘက် မင်းဘူး-အမ်းကားလမ်းမ မိုင်တိုင်အမှတ်(၄၄ /၆) ရဲ့ တောင်ဘက် ၃ ဖာလုံအကွာ တောထဲကနေ ပြန်ရှာဖွေတွေ့ရှိခဲ့တာပါ။

အသတ်ခံရတဲ့မိန်းကလေးရဲ့ မိသားစုဝင်တဦးက “ အလောင်းကတော့  မြေလတ်ကျေးရွာက  ကိုကျော်ကျော်အောင် မှိုရှာရာကနေ အပြန်တွေ့ပြီး  ဖုန်းနဲ့ဂုတ်ကြီး ရဲကင်းစခန်းမှူး ကို အကြောင်းကြားတာကြောင့် အလောင်းပြန်ရပြီ။ အလောင်းက ပုပ်ပွပြီးအနံ့ထွက်နေတာကြောင့် အလောင်းကို ပြန်သယ်ခွင့်ရဲက ပေးတာကြောင့် နောက်တနေ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာပဲ သင်္ဂြိုဟ်လိုက်တာ”လို့ ပြောပါတယ်။ 

အသတ်ခံရသူတစ်ယောက်က  လည်ပင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ဝဲ/ယာနို့အုံ၊ ယာလက်ဖျံ၊ ယာပေါင်၊ ယာဘက်လက်ဝါး၊ ယာဘက်တင်ပါးနဲ့ ကျောကုန်းပတ်လည်မှာ ထိုးသွင်းဒဏ်ရာ ၁၁ ချက် စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

နောက်သူ့နဲ့မလှမ်းမကမ်းမှာတော့  အသက် ၁၄ နှစ်လောက်အရွယ် မိန်းကလေးငယ်ရဲ့ အလောင်းတွေ့ရှိပြီး လည်ပင်းမှာ ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ နားထင်ညာဘက်ထိုးသွင်းဒဏ်ရာ တချက်၊ ချက်အနီးထိုးသွင်းဒဏ်ရာ တချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ တချက်နဲ့ ဝဲဘက်နို့အုံထိုးသွင်းဒဏ်ရာ နှစ်ချက် စတဲ့ ဒဏ်ရာတွေ တွေ့ရှိခဲ့ပါတယ်။

အခင်းဖြစ်ပွားရာ အနီးနားကကျေးရွာတွေမှာ စစ်ကောင်စီတပ်စခန်းတွေရှိပြီး ပျဉ်းဝရွာမှာတော့ စုပေါင်းစစ်ဆေးရေးဂိတ်၊ နတ်ရေကန်မှာ လေကြောင်းရန်ကာကွယ်ရေးတပ်၊ ဂုတ်ကြီးကျေးရွာမှာ အဖွဲ့စုံပူးပေါင်းစစ်ဆေးရေးဂိတ်နဲ့ ဂုတ်ကြီး ရဲစခန်းမှာလည်း စစ်ကောင်စီတပ်တွေ ပူးပေါင်းတပ်စွဲထားပေမဲ့  လူသတ်တရားခံတွေကိုတော့ အခုအချိန်ထိ ရှာဖွေဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။ 

ဒေသခံတဦးက “ဂုတ်ကြီးမှာလည်း စစ်ကောင်စီ ပူးပေါင်းစစ်ဆေးရေးဂိတ်ရှိတယ်။ အဲ့ဒီမှာ လ၀က၊ သစ်တော၊ စကစ၊ ရဲ၊ နောက်ပတ်ဝန်းကျင်ကကျေးရွာ (၅)ရွာမှာလည်း စကစ ကတပ်စွဲထားတယ်။ တခါတလေ လောက်ပဲ PDF နဲ့ တိုက်ပွဲဖြစ်တာလောက်ပဲရှိတယ်။ စကစ ပိုပြီး နယ်မြေစိုးမိုးတယ် ၊အလောင်းတွေ့တဲ့ နေရာကလည်း ဂုတ်ကြီးနဲ့ ဘုံဘောရွာလမ်းမှာတော့ ဂုတ်ကြီးရဲစခန်းရှိပြီး အဲ့ဒိ နယ်မြေထဲမှာဖြစ်သွားတာ”လို့ ပြောပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပဒါန်းရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ် စုံစမ်း စစ်ဆေး ဆောင်ရွက်နေတယ်လို့ နယ်မြေရဲစခန်းကနေသိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013