
ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်မှာ အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းက နယ်ထိန်းရဲတပ်ဖွဲ့ တယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မရှီကထောင်ရပ်ကွက် စားသောက်ဆိုင်တန်းနားမှာ အမည်မသိသေနတ်သမားက နယ်ထိန်းရဲ သက်နိုင်ဦးကို ပစ်သတ်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မနက် ၁၀ နာရီလောက်က မရှီကထောင်ကြိုးတံတားနား စားသောက် ဆိုင်တန်း မှာ ပစ်သတ်သွားတာ။ နယ်ထိန်း မုန့်လာစားတာ နဲ့တူတယ်။ ပွဲချင်းပြီးပဲ။ ဘယ်အဖွဲ့က ပစ်သွားလဲတော့ မသိရဘူး။”
အခင်းဖြစ်နေရာနားမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ဆေးမေးမြန်းနေပြီး ဒီပစ်ခတ်မှုကို ဘယ်သူကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ဘယ်အဖွဲ့အစည်းကမှ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဖားကန့်မြို့နယ်မှာ ပေါက်ကွဲမှုတွေ ပစ်ခတ်မှုတွေ မကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့တဲ့မေလကလည်း ရဲစခန်းနားမှာ ဗုံးပေါက်ကွဲလို့ ရဲတပ်ဖွဲ့ဝင် သုံးယောက်ဒဏ်ရာရှိခဲ့ကာ စက်တင်ဘာလကလည်း မူးယစ်ရဲတပ်ဖွဲ့ဝင်တယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။