DVB Logo
Home
မြန်မာသတင်း
တစညပါတီ ခေါင်းဆောင်သစ် ရွေးချယ်၊ ကြားဖြတ်ရွေးကောက်ပွဲ ၁၈ နေရာ ၀င်ပြိုင်မည်
DVB
·
May 1, 2014
တစညပါတီ ခေါင်းဆောင်သစ် ရွေးချယ်၊ ကြားဖြတ်ရွေးကောက်ပွဲ ၁၈ နေရာ ၀င်ပြိုင်မည်
Donate to DVB

အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမွေဆက်ခံခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ရဲ့ ခေါင်းဆောင်သစ်အဖြစ် ပါတီအထွေထွေ အတွင်းရေးမှူးး နိုင်ငံတော်ကောင်စီဝင် ဗိုလ်မှူးချုပ်ဟောင်း သန်းတင်ကို ရွေးချယ်ခန့်အပ်လိုက်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။

ဧပြီ ၄ ရက်နေ့က ကွယ်လွန်သွားတဲ့ တစညပါတီ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းရီရဲ့ နေရာမှာ ပါတီအထွေထွေအတွင်းရေးမှူးးဖြစ်သူ ဦးသန်းတင်ကို ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်တွေ ဧပြီ ၃၀ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီး တညီတညွတ်တည်း ရွေးချယ်လိုက်ကြတာ ဖြစ်ပါတယ်။

NUP-AP-230ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဗိုလ်မှူးကြီးဟောင်း ဦးဟန်ရွှေက ဦးသန်းတင်ဟာ အတွေ့အကြုံရှိသူဖြစ်တဲ့အတွက် ရွေးချယ်ခဲ့တာလို့ ဒီဗွီဘီကို ပြောပါတယ်။

“ဦးသန်းတင်ကိုပဲ ပါတီဥက္ကဋ္ဌအဖြစ်နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များကနေပြီးတော့ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ခေါင်းဆောင်တွေ အနေနဲ့တော့ သမိုင်းကြောင်းရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ သမိုင်းမှာ ရှိခဲ့တဲ့ နယ်ချဲ့ ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုတွေမှာ သမိုင်းရှိရှိနဲ့ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒီကနေ့အထိပဲ လူငယ်တွေကို သူတို့အတွေ့အကြုံ သူတို့ရဲ့ သွန်သင်ဆုံးမှုတွေနဲ့ ဦးဆောင်မှုတွေနဲ့ တောက်လျှောက်တာဝန်ယူ လုပ်လာခဲ့တဲ့အတွက် ခေါင်းဆောင်အပြောင်းအလဲနဲ့ ပတ်သက်လို့ ကျနော်တို့ ပါတီမှာ ထူးခြားတဲ့ အခြေအနေ ဖြစ်ဖို့ မရှိပါဘူး။ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်ပါ။ ဘာကြောင့်လည်းဆိုတော့ သူတို့ကလည်းပဲ တပ်မတော်သား အငြိမ်းစား ဆိုပေမယ့်လည်း ကျနော်တို့နိုင်ငံရဲ့ သမိုင်းမှာ ရှိခဲ့တဲ့ နယ်ချဲ့ ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုတွေမှာ နိုင်ငံရေးအရ လှုပ်ရှားရာကနေ တပ်မတော်သားဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေပါ။ ဒါကြောင့်မို့လို့ သူခေါင်းဆောင်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”

ပါတီခေါင်းဆောင်သစ် ဦးသန်းတင်ဟာ မြန်မာ့တပ်မတော်မှာ ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဦးနေ၀င်းခေါင်းဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်မှာလည်း ဗဟိုအလုပ်အမှုဆာင်ကော်မတီဝင်အဖြစ်နဲ့ သတ္တုတွင်းဝန်ကြီး၊ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံတော်ကောင်စီဝင်အဖြစ် ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

အသက် ၈၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ ဦးသန်းတင်ဟာ ဦးသာကျော်နဲ့ ဦးထွန်းရီတို့ ပြီးရင် တတိယမြောက်ပါတီ ဥက္ကဋ္ဌဖြစ်လာသူပါ။ သူဟာ ၁၉၈၈ အရေးအခင်းအပြီး တစညပါတီ စတင်တည်ထောင်ချိန်မှာ တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ပါတီအထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့ပါတယ်။

လတ်တလော ပါတီအထွေထွေအတွင်းရေးမှူးးက ဥက္ကဋ္ဌ တာဝန်ယူလိုက်တဲ့အတွက် လစ်လပ်နေတဲ့ အထွေထွေအတွင်းရေးမှူးနေရာနဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူးနေရာတွေ အတွက် ပါတီက ထပ်မံရွေးချယ်သွားဖို့ ရှိနေပါတယ်။

တစညပါတီဟာ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိက ပြိုင်ဘက်ပါတီ ဖြစ်ခဲ့ပေမယ့် ၁၀ နေရာ အနိုင်ရကာ အန်အယ်လ်ဒီပါတီကို အရေးနိမ့်ခဲ့ပါတယ်။

အခုနှစ်ကုန်ပိုင်း ပွင့်လင်းရာသီမှာ ကျင်းပဖို့ ရှိနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ၁၈ နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013