
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အဝင် ၂၁ မိုင် စစ်ဆေးရေးဂိတ်မှာ လုံခြုံရေးနဲ့ တရားမဝင်ပစ္စည်းတွေစစ်ဆေးဖို့ တာဝန်ချထားတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနပေါင်းစုံက ခရီးသွားတွေအပေါ် အဓမ္မ ငွေတောင်းခံနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
၂၁ မိုင်ဂိတ်ကို ဖြတ်သန်းသွားလာနေတဲ့ ယာဉ်မောင်း တဦးက "ပထမဆုံး စ စစ်တာက တပ်။ ဘယ်သွားမလဲ။ ဘာလဲ။ ပြီးတော့ ယာဉ်ထိန်းအဖွဲ့က စစ်ပြန်ရော။ ယာဉ်မောင်းလိုင်စင် စစ်တယ်။ ကားကိုလည်း ရပ်ခိုင်းပြီး တောင်စစ် မြောက်စစ်နဲ့ အချိန်ကြာအောင် ဆွဲထားတယ်။ ခရီးသည်တွေနဲ့ဆိုတော့ အဆင်ပြေအောင် ပိုက်ဆံထုတ်ပေးမှ သွားလို့ရတယ်။ နည်းမျိုးစုံနဲ့ ရစ်ပြီး ပိုက်ဆံ ယူနေတာ" လို့ ပြောပါတယ်။
၂၁ မိုင် စစ်ဆေးရေးဂိတ်မှာ စစ်တပ်၊ ယာဉ်ထိန်း၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့ အပါအဝင် စစ်ကောင်စီလက်အောက်ခံဌာန ၇ ခုလောက်က ခရီးသွားပြည်သူတွေဆီကနေ တရားမဝင်ငွေကြေး တောင်းယူနေတာပါ။
နောက်ထပ် ယာဉ်မောင်းအမျိုးသားတဦးက "အဖွဲ့အစည်းကတော့ ၇ ခုလောက်တွေ့ရတယ်။ အရပ်ဝတ်တွေနဲ့ကော ယူနီဖောင်းတွေနဲ့ရောပဲ။ ငွေကတော့ ၅၀၀၀ ကနေ ၃၀၀၀၀ ကြား ကောက်တယ်။ ကားအမျိုးအစားပေါ်မူတည်ပြီး ပေးရတာ။ နည်းမျိုးစုံ အကြောင်းပြပြီးတော့ ပေးရတာပဲ။ မပေးလည်း ကား လမ်းဘေးထိုး ခိုင်းထားပြီး တမျိုးပြီး တမျိုးရစ်နေတာ"လို့ ပြောပါတယ်။
တရားမဝင် ငွေကြေးအတင်းအကျပ်ကောက်ခံနေတဲ့ ၂၁ မိုင် စစ်ဆေးရေးဂိတ်ကို မတ်လ ၁၉ ရက်က ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်း အခုလို စစ်ဆေးရေးဂိတ်တွေမှာ ငွေတောင်းတာနဲ့ ပတ်သက်လို့ ငွေပေးရသူတွေက တိုင်ကြားတာ မရှိသေးသလို သက်ဆိုင်ရာဌာန အကြီးအကဲတွေ ကလည်း လိုက်လံ စစ်ဆေးအရေးယူတာ မရှိသေးပါဘူး။