
မြန်မာစစ်အာဏာရှင်အနေနဲ့ မီဒီယာဖိနှိပ်မှုရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ဖို့နဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ရုပ်သိမ်းပြီး အရပ်သားအစိုးရထံ အာဏာပြန်လည်အပ်နှင်းဖို့ တောင်းဆိုထားတဲ့ ဥရောပပါလီမန်ရဲ့ဆုံးဖြတ်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့က ထောက်ခံကြိုဆိုလိုက်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေတဲ့မြန်မာစစ်တပ်ကို အပြင်းအထန်ကန့်ကွက်ရှုတ်ချထားပြီး မြန်မာ့ဒီမိုကရေစီရေးနဲ့ NUG အစိုးရတို့ကို ထောက်ခံအားပေးထားတဲ့ ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတဲ့အကြောင်း အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဝန်ကြီး ဒေါက်တာဆာဆာက အောက်တိုဘာ ၉ ရက်မှာ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
မြန်မာစစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အဆုံးသတ်သွားစေဖို့ တခြားနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းတခုလုံးအနေနဲ့ စစ်အာဏာရှင်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့ဒဏ်ခတ်ဖို့နဲ့ လက်နက်တားဆီးမှုတွေ တိုးလုပ်ဖို့လည်း NUG အစိုးရက တောင်းဆိုတယ်လို့ ဒေါက်တာဆာဆာကပြောပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဥပရောပါလီမန်က အောက်တိုဘာလ ၆ ရက်မှာ ဆုံးဖြတ်ချက်ချမှတ် အတည်ပြုခဲ့တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်တွေထဲမှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေနဲ့ တရားမဝင်အုပ်ချုပ်နေမှုတွေကို အပြင်းအထန်ကန့်ကွက်ရှုတ်ချထားတာဖြစ်ပါတယ်။
သတင်းမီဒီယာတွေနဲ့ မီဒီယာသမားတွေအပေါ် နိုင်ငံရေးအရတရားစွဲဆိုထားတဲ့ အမှုတွေအားလုံးကို ရုပ်သိမ်းပေးဖို့၊ မတရားဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့ဂျာနယ်လစ်တွေအားလုံးကို ခြွင်းချက်မရှိ ပြန်လွတ်ပေးဖို့၊ မီဒီယာတွေမှာ အလုပ်လုပ်နေသူတွေကို ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေနဲ့ မမျှတတဲ့တရားစီရင်မှုတွေကို ရပ်တန့်ဖို့လည်း တောင်းဆိုထားပါတယ်။
သတင်းထောက်တွေဖြစ်တဲ့ မထက်ထက်ခိုင်၊ ကိုစည်သူအောင်မြင့်နဲ့ မငြိမ်းငြိမ်းအေးတို့အပါအဝင် ဥပဒေမဲ့ ဖမ်းဆီးထားတဲ့ သတင်းမီဒီယာသမားတွေအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေ ရုပ်သိမ်းဖို့လည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ဥပဒေနဲ့ မကိုက်ညီတဲ့ အရေးပေါ် အခြေအနေကြေညာချက်ကို ရုပ်သိမ်းပြီး အရပ်သားအစိုးရထံ အာဏာပြန်လည်အပ်နှံရေးနဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးနဲ့အတူ လွှတ်တော်ခေါ်ယူပေးရေးတို့လည်း ဥရောပပါလီမန်ဆုံးဖြတ်ချက်မှာ တောင်းဆိုထားပါတယ်။
အီးယူပါလီမန်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေနဲ့ သတင်းမီဒီယာသမား များကိုယ်စား ကျေးဇူးတင်အသိအမှတ်ပြုပေမဲ့ “ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ” တယ်ဆိုတဲ့ စကားလုံးလောက်နဲ့တင်မရဘဲ ထိရောက်စွာအပြစ်ပေးအရေးယူဖို့လိုတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က သဘောထားထုတ်ပြန်ထားပါတယ်။
“ဆုံးဖြတ်ချက်တွင် ပါဝင်သည့် စစ်အာဏာရှင်တို့၏ မြန်မာနိုင်ငံတွင် အကြမ်းဖက်ကာ တရားမဝင်အုပ်ချုပ်မှုအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဆိုသည့် စကားရပ်သည် လူသတ် ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူများ အပေါ်၌ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေခြင်း၊ ဖမ်းဆီးထောင်ချနေခြင်း၊ အကန့်အသတ်မရှိ ခွဲခြားမှု မရှိသည့် လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြုကာ တိုက်ခိုက်နေခြင်းများကို တားဆီး နိုင်လိမ့်မည်မဟုတ်ဘဲ စစ်တပ်က ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ဥပဒေများနှင့်အညီ ထိရောက်စွာ အချိန်မီ အပြစ်ပေးအရေးယူနိုင်ရန် အထူးလိုအပ်ကြောင်း သတိပေး လိုပါသည်။”လို့ CRPH ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေကိုပြန်လွှတ်ပေးရေးကို စစ်အာဏာရှင်တွေ ချက်ချင်းအကောင် အထည်ဖော်ဆောင်ပေးတဲ့အထိ အီယူအနေနဲ့ ဖိအားပေး တောင်းဆိုပေးဖို့နဲ့ စစ်ကောင်စီက အယောင်ပြ ရွေးကောက်ပွဲကျင်းပပြီး အာဏာဆက်လက်ဆုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းနေတာကို တားဆီးကန့်ကွက်ဖို့လည်း CRPH က တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံရှိ သတင်းသမားတွေအပါအဝင် မြန်မာပြည်သူတွေဟာ အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်းခံရတာ၊ ညှင်းပန်းနှိပ်စက်ခံရတာ၊ သတ်ဖြတ်ခံရတာ၊ အဓမ္မပြုကျင့်ခံရတာ၊ နေအိမ်တွေမီးရှို့ဖျက်ဆီးခံရတာကို နေ့စဉ်နဲ့အမျှ ခံစားနေရတာဖြစ်ပါတယ်။
နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကနေ အချိန်မီချက်ချင်းတားဆီးကာကွယ်ပေးဖို့ စစ်လက်နက်တွေရောင်းချမှုကို ပိတ်ပင်တားဆီးတာနဲ့ စီးပွားရေးအရေးယူပိတ်ဆို့မှုတွေ ကမ္ဘာ့နိုင်ငံအားလုံးက ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက တောင်းဆိုထားပါတယ်။
မြန်မာစစ်အာဏာရှင်ကို နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအကူအညီတွေပေးနေတဲ့ ရုရှားနဲ့ တရုတ်ကိုလည်း အီးယူပါလီမန်က ရှုတ်ချထားပါတယ်။
Photo- EU