အမေရိကန်နဲ့ အီရန်တို့ကြား စစ်ပွဲအဆုံးသတ်ရေး မူဘောင်သဘောတူညီချက်တခု လက်မှတ်ရေးထိုးခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးတွေ ပြန်လည်ကျဆင်းကာ စတော့ရှယ်ယာဈေးတွေ မြင့်တက်လာပါတယ်။
ဘရန့်ကမ္ဘာ့ရေနံညွှန်းကိန်းက ၅ ရာခိုင်နှုန်းကျော် ကျဆင်းသွားတဲ့အလျောက် တစည်ကို ၈၂ ဒသမ ၈၄ ဒေါ်လာသာ ပေါက်ဈေး ရှိပါတော့တယ်။
အရှေ့အလယ်ပိုင်းပဋိပက္ခ မဖြစ်ပွားခင်အချိန်က တစည်ကို ဒေါ်လာ ၇၀ ဝန်းကျင်သာရှိခဲ့တဲ့ ဘရန့် ရေနံစိမ်းဈေးဟာ စစ်ပွဲကာလအတွင်း ဒေါ်လာ ၁၂၀ လောက်အထိ အမြင့်ဆုံးတက်ခဲ့ဖူးပါတယ်။
G7 အစည်းအဝေးအတွက် ပြင်သစ်နိုင်ငံ ရောက်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ ဟော်မုဇ်ရေလက်ကြားကို အလုံးစုံပြန်ဖွင့်ပေးတော့မှာဖြစ်တဲ့အကြောင်း အတည်ပြုပါတယ်။
အခုကတည်းက ရေလက်ကြားကို တစိတ်တပိုင်း ဖွင့်ပေးထားပြီးဖြစ်ပေမဲ့လည်း ရေမြှုပ်မိုင်းတွေ ရှင်းပြီးတာ သေချာအောင် ပိုက်စိပ်တိုက်ရှာဖွေမှုတွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အီရန်နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်အရ ဟော်မုဇ်မှာ ဖြတ်သန်းသွားလာမဲ့ သင်္ဘောတွေအနေနဲ့ ရေလက်ကြားဖြတ်သန်းခကို ပေးဆောင်စရာ မလိုတော့ဘူးဆိုပြီး အမေရိကန် တာဝန်ရှိသူတွေက အသိပေးထားပါတယ်။
အဲဒီမူဘောင် သဘောတူညီချက်ကို ရင်းနှီးမြှုပ်နှံသူတွေက ကြိုဆိုခဲ့ကြတာကြောင့် ဇွန် ၁၅ ရက်အတွင်း အာရှစတော့ဈေးကွက်ဟာ သိသိသာသာ ထိုးတက်လာလာတာ တွေ့ရပါတယ်။
ဒါကြောင့် ဂျပန်နိုင်ငံရဲ့ Nikkei 225 ရှယ်ယာအညွှန်းကိန်းဟာ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သလို တောင်ကိုရီးယား Kospi အညွှန်းကိန်းမှာလည်း ၅ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ဈေးကွက်ပိတ်သိမ်းခဲ့ပါတယ်။
အမေရိကန်ဘက်က စစ်ဘေးသင့်ထားတဲ့ အီရန်အတွက် ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေ ဒေါ်လာဘီလီယံ ၃၀၀ ကို ထည့်သွင်းပေးနိုင်ခြေ ရှိပေမဲ့လည်း တီဟီရန် ပေးထားတဲ့ ကတိကဝတ်အတိုင်း အရင်ဖြည့်ဆည်းပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လောလောဆယ် ကမ္ဘာ့ရေနံဈေးကွက်မှာ ဈေးနှုန်းအတက်အကျနဲ့ မသေချာမရေရာမှုတွေ ဆက်ရှိနေနိုင်တဲ့အပြင် ပုံမှန်အခြေ အနေအတိုင်း ပြန်ရောက်ဖို့ဆိုရင် ရက်သတ္တပတ်နဲ့ချီအောင် အချိန်ယူရနိုင်တယ်ဆိုပြီး ဖော်ပြထားပါတယ်။











