DVB Logo
Home
မြန်မာသတင်း
လုံခြုံရေးကြောင့် အလောင်းတော်ကဿပ အပါအဝင် စစ်ကိုင်းတိုင်းက ဘုရားစေတီများတွင် ဘုရားဖူးနည်းပါး
DVB
·
October 9, 2022
လုံခြုံရေးကြောင့် အလောင်းတော်ကဿပ အပါအဝင် စစ်ကိုင်းတိုင်းက ဘုရားစေတီများတွင် ဘုရားဖူးနည်းပါး
Donate to DVB

အလောင်းတော်ကဿပ အပါအဝင် စစ်ကိုင်းတိုင်းက နာမည်ကြီး ဘုရားစေတီတွေကို လုံခြုံရေးအခြေအနေကြောင့် ဘုရားဖူးလာရောက်သူမရှိသလောက် နည်းပါးနေပါတယ်။ 

စစ်အာဏာမသိမ်းခင်က ပွင့်လင်းရာသီ သီတင်းကျွတ်ကာလရောက်ရင် စစ်ကိုင်းတိုင်းက တန်ခိုးကြီးဘုရားတွေမှာ ဘုရားဖူးပြည်သူတွေနဲ့ စည်ကားခဲ့တာပါ။ 

အာဏာသိမ်းပြီး ၁၉ လကျော်ကြာချိန်မှာတော့ စစ်ကောင်စီရဲ့အဆိုးရွားဆုံးအကြမ်းဖက်ခံထားရတဲ့ စစ်ကိုင်းတိုင်းမှာ လမ်းပန်းဆက်သွယ်ရေးတွေ ဘေးကင်းလုံခြုံမှုမရှိတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။ 

စစ်ကောင်စီက မြို့ဝင်မြို့ထွက်တွေမှာ ပိတ်ဆို့စစ်ဆေးနေသလို ဒေသတွင်း PDF တွေကလည်း သူတို့ထိန်းသိမ်းထားတဲ့ လမ်းပိုင်းတွေမှာ ပြည်သူတွေ ဖြတ်သန်းသွားလာတာမလုပ်ဖို့ သတိပေးတားမြစ်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ 

အခုပွင့်လင်းရာသီမှာတော့ မိုးရာသီအလွန် လမ်းပြင်တဲ့ လုပ်ငန်းတွေမလုပ်နိုင်သလို ဘုရားဖူးတွေလည်း မလာကြဘူးလို့ အလောင်းတော်ကဿပနယ်မြေမှာ ထမင်းဆိုင်ဖွင့်ထားသူတယောက်က ပြောပါတယ်။

"အလောင်းတော်က လမ်းတွေကမကောင်းဘူး။ လမ်းတွေလည်း မပြင်ထားဘူး ဆိုတော့ကာ တက်လို့က မကောင်းဘူးဆိုတာ သူတို့လည်းသိကြတယ်ဗျ။ စစ်ကောင်စီရန်ကိုလည်း ကြောက်ကြတာပေါ့ဗျာ။ လမ်းမှာ တခုခုဖြစ်မှာတွေ၊ အဲ့ဒါကြောင့်မို့ သူတို့မလာကြဘူးဗျ။ တချို့ဆိုလို့ရှိရင် ဒီအလောင်းတော်ကဿပနဲ့ မှီခိုပြီးတော့ စားသောက်ဆိုင်တွေဆိုရင် ပွင့်လင်းရာသီမှာ စားသောက်နေရသူတွေလည်းရှိတယ်။ နောက်ပြီး ဆင်သမားမိသားစုတွေဆိုလည်း သူတို့အစိုးရက ပေးတဲ့လစာက သူတို့မိသားစုစားဝတ်နေရေးရယ် ကျောင်းသားထားရတဲ့ စရိတ်တွေနဲ့က မလောက်ဘူး။ မလောက်တဲ့အခါကြတော့ ဆင်သမားတော်တော်များများ ဥယျာဉ်က ဆင်သမားရော သစ်ထုတ်လုပ်ရေးကဆင်သမားရော ပွင့်လင်းရာသီ ၄ လကာလလေးကို မှီပြီးတော့မှ စားသောက်နေကြရတာဗျ။ ခုကြတော့ အဲ့လိုမျိုးတွေမရှိဘူးဆိုတော့ သူတို့မှာ တော်တော်လေးအခက်အခဲတွေရိုက်နေကြတယ်ဗျ။"

စစ်ကိုင်းတိုင်း ကျောက္ကာရွှေဂူနီ၊ ဗောဓိတစ်ထောင်၊ မိုညှင်းသံဗုဒ္ဓေ၊ ဆွမ်းဦးပုညရှင်၊ မုံရွာဆုတောင်းပြည့်မြတ်စွာဘုရား၊ ရွှေတောင်ဦး၊ အလောင်းတော်ကဿပနဲ့ ဇလုံတောင်ဘုရားတွေဟာ ပွင့်လင်းရာသီတွေမှာ နှစ်စဉ် ဘုရားဖူးတွေနေစည်ကားလေ့ရှိခဲ့ပေမယ့် ၂၀၂၀ ကိုဗစ်ကာလနဲ့ ၂၀၂၁ အာဏာသိမ်းဖြစ်စဉ်တွေကြောင့် ဘုရားဖူးတွေမရှိသလောက် နည်းပါးခဲ့ပါတယ်။ ဘုရားဖူးတွေမရှိတော့တာကြောင့် ဘုရားတွေကိုမှီပြီး အသက်မွေးဝမ်းကျောင်း ပြုနေရသူတွေဟာလည်း ကြီးမားတဲ့အခက်အခဲနဲ့ကြုံတွေ့နေကြရပါတယ်။

မုံရွာမြို့ခံတဦးက "စစ်အာဏာသိမ်းပြီးချိန်ကစလို့ မုံရွာဘုရားကြီးပွဲ သတင်းကျွတ်ပွဲမဖြစ်ဘူးဗျာ။ မနှစ်ကလည်းမဖြစ်ဘူး။ ဒီနှစ်လည်းမဖြစ်ဘူး။ ခါတိုင်းဆို မြို့ထဲမှာ နာရီစင်ကစပြီးတော့ ဆိုင်ခန်းတွေ ဈေးတန်းတွေ ဆိုင်ခန်းပေါင်း ၅၀၀ ကျော်ဆောက်ပြီးတော့ ဒီလိုရက်တွေဆို လူတွေကို တိုးကိုမရဘူး။ အုန်းအုန်းကျွက်ကျွက် စည်ကားတယ်။ အခုဆိုရင်တော့ ဒီပွဲမဖြစ်ဘူး။ ဆိုင်ခန်းတွေလည်းမရှိဘူး။ သွားလာမှုလည်း ခြောက်ကပ်နေတယ်။ ဒီနေ့သတင်းကျွတ်လပြည့်နေ့မှာ ဆုတောင်းပြည့်မြတ်စွာဘုရားမှာ ဆိုင်ကယ် အစီး ၂၀ တောင်မရှိဘူး။ ဘုရားဖူးလာကြတာ တော်တော်လေးကို နည်းပါးတယ်ပေါ့ဗျာ။"

စစ်ကိုင်းတိုင်းထဲက ပြည်သူတွေဟာ အရင်နှစ်တွေလို ဘုရားဖူးသွားလာဖို့၊ ဘုရားဖူးတွေကို ဈေးရောင်းချပြီး ဝင်ငွေရှာဖို့ အခြေအနေမရှိတော့ပါဘူး။ ကိုယ့်ရပ်ရွာကနေ စားနပ်ရိက္ခာအတွက် မြို့တက်ပြီး ဈေးဝယ်ဖို့တောင် အခက်အခဲကြုံနေကြရတာဖြစ်ပါတယ်။ 

မုံရွာ- ယာကြီး- ကလေးလမ်းတလျှောက်နဲ့ ချင်းတွင်းမြစ်ရိုးတလျှောက်ရေလမ်းခရီးဟာလည်း သာမန်ပြည်သူတွေ သွားလာရေးအတွက် လုံခြုံရေးအာမခံချက်မရှိတော့တဲ့ လမ်းတွေ ဖြစ်လာပါတယ်။

စစ်ကိုင်းဒေသတွင်း PDF ခေါင်းဆောင်တဦးက "ကျေးရွာတိုင်းကျေးရွာတိုင်းမှာက မြို့ကနေ စားသောက်ကုန်ကို ဝယ်ရတာကိုး။ အဲ့ဒီလမ်းကြောင်းတွေကို သူတို့က စစ်ဆေးပြီးတော့ စောစောရက်ကလေးကဆို ကားတစီးမှာ ဆန် ၅ အိတ်ထက်ကို ပိုမတင်ရပေါ့။ ပါလာပြီဆိုရင်တောင်မှ သူ့နာမည်နဲ့ သူ့ဆန်နဲ့ပါမှ။ ပိုပါလာတယ်ဆို သူတို့ ချသိမ်းလိုက်ပြီ။ ကားနဲ့ပတ်သက်တဲ့ ဘက္ကထရီတို့ မီးမရတဲ့နေရာမှာ ဖုန်းအားသွင်းဖို့ ဆိုလာပြားပါရင်လည်းသိမ်းတယ်။ ဓာတ်ခဲက စပြီးတော့သိမ်းတယ်ကွာ စစ်ကောင်စီက။"

စစ်ကိုင်းတိုင်းထဲမှာ ဘုရားဖူး ပြည်သူတွေ မရှိသလောက် နည်းပါးပေမယ့်လည်း စစ်ကောင်စီကတော့ သီတင်းကျွတ် ရုံးပိတ်ရက် ကာလတွေအတွင်း နိုင်ငံတဝန်း မြို့နယ်တချို့မှာ သီတင်းကျွတ်မီးထွန်းပွဲတွေ ဖျော်ဖြေပွဲတွေ ပြုလုပ်ပေးနေပါတယ်။ 

ဒါ့အပြင် မန္တလေး၊ ပုဂံ၊ ညောင်ဦး၊ ပြင်ဦးလွင်နဲ့ ဧရာဝတီတိုင်းက ချောင်းသာ၊ ငွေဆောင်စတဲ့ ကမ်းခြေတွေမှာ လာရောက်လည်ပတ်သူတွေနဲ့ စည်းကားနေတယ်လို့ စစ်ကောင်စီ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 

တော်လှန်ရေး အင်အားစုတွေကတော့ စစ်ကောင်စီလုပ်တဲ့ သီတင်းကျွတ်ပွဲတော်တွေမှာ တတ်နိုင်သလောက် မပါဝင်ဘဲ ဆန့်ကျင်ကြောင်းပြသဖို့ ပြည်သူတွေကိုတိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013