
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ညောင်ကားယားကျေးရွာကို အောက်တိုဘာ ၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၁၂ လုံး မီးလောင်ခဲ့ပြီး ကျေးရွာ ၄ ရွာလောက်က ရွာသားတွေထွက်ပြေး ရှောင်တိမ်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဧရာဝတီမြစ်ကြောင်းမှတဆင့် ညောင်ကားယားကျေးရွာကို ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်တာကာ နေအိမ်များကို မီးရှို့ခဲ့တာလို့ သိရပါတယ်။
ဒေသခံ တဦးက "ဘာတိုက်ပွဲမှ မရှိဘူး။ အကြောင်းမဲ့ ပစ်ခတ်ရွာကို ဝင်စီးပြီး မီးရှို့သွားတာပါ။ ကျနော်တို့ ဘက်မှာရော အနီးနားက တခြားရွာတွေမှာပါ ပြေးကြရတာ။ သူတို့ ပြန်ထွက်သွားမှ ဝင်ပြီး မီးငြှိမ်းရတယ် "လို့ ဒေသခံတဦးက ပြောပါတယ်။
မီးလောင်နေတဲ့ နေအိမ်တွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက မီးငြှိမ်းသတ်ပေးတာနဲ့ မိုင်း ချသွားမှာ စိုးတဲ့အတွက် မိုင်းရှာတာတွေ လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ CDSOM တာဝန်ရှိသူက "သူတို့ ညောင်ကားယားက ပြန်ထွက်သွားတာနဲ့ ပြည်သူတွေအန္တရာယ်ကင်းစွာ ပြန်လည် ဝင်ရောက်နိုင်ရေးကို လုပ်ဆောင်ပေးခဲ့ပြီးပါပြီ။ စစ်ရှောင်တွေအတွက်တော့ မြောင်လူငယ်များ ကွန်ရက် (YFC)က နေ့လယ်စာတွေ စီစဉ်ပေးထားတာ တွေ့ရပါတယ်"လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ညောင်ကားယား၊ ပန်းညို၊ ကျောင်းဖြူ နဲ့ နှဲမှုတ်စတဲ့ ကျေးရွာတွေက ဒေသခံ ၄၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။