စစ်ကိုင်းတိုင်း၊ မုံရွာ မင်းဒေါင့်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီထောက်ပို့ မော်တော် တစီးကို အောက်တိုဘာ ၈ ရက် မနက်ပိုင်းက မိုင်း ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် တခုဖြစ်တဲ့ Farmers Revolution Force(CHU) အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ပါ ထောက်ပို့ မော်တော်ကို မနေ့မနက် ၉ နာရီခွဲက ရှေ့ထွက်အထူးမိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် မော်တော်သင်္ဘောဦး လည်ထွက်သွားပြီး စစ်ကောင်စီတပ်သားအများအပြား ထိခိုက်နိုင်တယ်လို့ Farmers Revolution Force(CHU)ကနေသိရပါတယ်။
အဲဒီနေ့ မွန်းလွဲ ၂ နာရီလောက်ကလည်း တောကြောင်းကြီးဂိတ်စခန်းကနေ ကံကြီးကုန်း(ဖွတ်ကုန်း)ရွာကို ရိက္ခာပို့ပြီး ဆန်တက်လာတဲ့ စစ်ကောင်စီ မော်တော်ကို ရှေ့ထွက်အထူးမိုင်း ၁၀ လုံးနဲ့ ၄ နေရာခွဲ တိုက်ခိုက်ခဲ့တာကြောင့် မော်တော်မှာ မီးခိုးတွေ အူထွက်သွားပြီး စစ်ကောင်စီတပ်သားအများအပြား ထိခိုက်နိုင်တယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။
Farmers Revolution Force(CHU) တာဝန်ရှိသူက “လာမယ်လို့ သတင်းရလို့ အထူးမိုင်းနဲ့စောင့်နေတာ။ သူတို့လာတဲ့အချိန် မိုးဆွဲတိုက်လို့ ချက်ကောင်းမိသွားတယ်။ အဲဒီကနေ တောက်လျှောက်ဆင်းသွားပြီး ပြန်တက်လာတော့ တခါ ပြန်ဆွဲတယ်။ အထိအခိုက်တော့ အတိအကျ မသိရဘူး။ ရေကြောင်းဆိုတောာ့ အသေအပျောက်လဲ ရှိချင် ရှိမှာပေါ့”လို့ ပြောပါတယ်။
တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီမော်တော်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပြီး ပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။