မကွေးတိုင်း ပခုက္ကူမြို့မှာ အောက်တိုဘာ ၇ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေကြီးတာကြောင့် ချောင်းအနားနေအိမ်နေ မိသားစု လေးယောက် ရေထဲမျောပါသွားလို့ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေတယ်လို့ ပခုက္ကူခရိုင်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
မိုးညလုံးပေါက်ရွာသွန်းတာကြောင့် မိုးကြီးကာ ချောင်းရေလျှံပြီး မိသားစု လေယောက် ရေထဲမျောပါသွားရတာလို့ ပခုက္ကူမြို့ခံတဦးက ပြောပါတယ်။
"အဲ့ချောင်းတွေက ချောင်းချောက်တွေ၊ ပုံမှန်ဆိုရေမစီးဘူး၊ အိမ်တွေက ချောင်းနားမှာ ဆောက်ကြတာဆိုတော့ ခုလို မိုးများပြီးရေကြီးတော့ ရေထဲပါသွားတာ။ ရေက အမြဲ မစီးဘူး၊ ဒါပေမဲ့ အဲဒီချောင်းချောက်တွေက ရေတအားကြီးပြီဆိုရင်လည်း တံတားတွေပါ မျှောပါတာ"
ရေထဲပါသွားတဲ့ မိသားစုဝင် လေးယောက်ကို ရှာဖွေကယ်ဆယ်ရေးလူပ်ဆောင်နေပေမဲ့ အခုချိန်ထိ မတွေ့ သေးဘူးလို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
ပခုက္ကူမြို့မှာ အောက်တိုဘာ ၇ ရက်ညပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ဓာတ်တိုင်တွေ ပြိုကျပြီး သစ်ပင်တွေလဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ အောက်တိုဘာ ၈ ရက် မနက်ပိုင်း မိုးရွာသွန်းမှု နည်းသွားချိန်မှာ စစ်ကောင်စီလက်အောက်ခံ ပခုက္ကူခရိုင်မီးသတ်တပ်ဖွဲ့က ပိတ်ဆို့နေတဲ့လမ်းတွေ၊ နေအိမ်တွေပေါ်ပိနေတဲ့သစ်ပင်တွေနဲ့ လဲကျနေတဲ့ ဓာတ်တိုင်တွေကို အဖွဲ့ သုံးဖွဲ့ခွဲပြီး ရှင်းလင်းနေတယ်လို့ ဆိုပါတယ်။
ပခုက္ကူမြို့နယ်မှာ အခုလိုမိုးသည်းထန်စွာရွာသွန်းလို့ ချောင်းရေထဲ လူမျောပါတဲ့ဖြစ်စဥ်က အဖြစ်နည်းပြီး နှစ်စဥ်နှစ်တိုင်းလည်း မိုသည်းထန်လို့ လူမျောပါတာမျိုး ဖြစ်လေ့မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပုံ- ပခုက္ကူခရိုင်မီးသတ်တပ်ဖွဲ့