
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာက အသက် ၂၁ နှစ်ရှိ တက္ကသိုလ်ကျောင်း သူ မနွယ်သရဖီစိုးကို အောက်တိုဘာ ၇ ရက်မနက်ပိုင်းမှာ ပျူစောထီးအဖွဲ့က ဖမ်းဆီး လိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ထားဝယ်တက္ကသိုလ် သမိုင်းမေဂျာအထူးပြု ဒုတိယနှစ်ကျောင်းသူ မနွယ်သရဖီစိုးဟာ ရွာကနေ ထားဝယ်ကို ဆိုင်ကယ်နဲ့အသွား ကျောက်နီမော်ကျေးရွာမှာ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ စစ်ဆေး ဖမ်းဆီးခံလိုက်ရတာပါ။
မနွယ်သရဖီစိုးနဲ့ နီးစပ်တဲ့ ရွာခံအမျိုးသမီးတဦးကတ " သူက ထားဝယ်ကို အလုပ်ကိစ္စနဲ့ သွားတာ။ ဘာလို့ ဖမ်းတာလဲဆိုတာတော့ သေချာမသိရဘူး။ အခုထိတော့ ကျောက်နီမော်က ပျူစောထီးစခန်းမှာပဲ ရှိသေးတယ်။ လက်ဝတ်လက်စားတွေတော့ ပျူစောထီးတွေ ယူထားတယ် လို့ ကြားတယ်" လို့ ပြောပါတယ်။
ထားဝယ်-ရှင်မော် ကားလမ်းမပေါ်မှာရှိတဲ့ ကျောက်နီမော်ကျေးရွာမှာ စစ်ဆေးရေး ဂိတ်ချထားတာမျိုး မရှိပေမဲ့ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးတွေက လမ်းသွား လမ်းလာတွေကို နေ့တိုင်းနီးပါး စစ်ဆေးလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၉ ရက်ကတော့ ဆက်ကြေးကောက်ပြီးပြန်လာတဲ့ ကျောက်နီမော်ကျေးရွာက ပျူစောထီးအဖွဲ့ဝင်တွေကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခဲ့လို့ ပျူစောထီးအဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ကာဘိုင်သေနတ်တလက်၊ လက်လုပ်သေနတ်အတိုတလက်၊ ကျည်အိမ် ၄ ခုနဲ့ ကျည်ဆန်အချို့လည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ကျောက်နီမော်ကျေးရွာမှာ ဦးချစ်စန်းမောင် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဝင် ၁၅ ဦးလောက်ဟာ ရွာထဲမှာပဲ စခန်းချနေထိုင်ပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးဖမ်းဆီးတာ၊ ဆက်ကြေး ကောက်တာတွေအပြင် နေအိမ်ဓားပြတိုက်တာတွေလည်း လုပ်ခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။